ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဩဂုတ် ၁၉ ရက်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကော်မရှင်က ယနေ့ ဩဂုတ် ၁၉ ရက်၊ နံနက် ၆ နာရီဝန်းကျင်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်က နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း Y-12 လေယာဉ်များဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ လေး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ် ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံမှ သိရသည်။

“ဒီမနက် ၆နာရီ ၁၀မိနစ်မှာ လိုခါးလိုရွာနဲ့ ကြောက်ကြား(ဒေသအခေါ်အဝေါ်) ရပ်ကွက်ကို Y-12 လေယာဉ်နဲ့ ဗုံး ခြောက် လုံးကြဲချခဲ့တယ်။ ပြည်သူလေးဦးထိခိုက်ပြီး နှစ် ဦးစိုးရိမ်ရတယ်” ဟု IEC မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်‌နေ့က မော်ချီးဒေသတွင် ကလေးငယ်များအပါအဝင် အရပ်သား ၃၂ ဦးအထိသေဆုံးခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တိုက်နယ်ဆေးရုံအပါအဝင် နေအိမ် ၁၀ လုံးနှင့်အထက် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း IEC ထံမှ သိရသည်။

စစ်ကော်မရှင်သည် ယခုနှစ် ၂၀၂၅ ကာလအတွင်း မော်ချီးဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၁၂ ကြိမ်ရှိပြီဖြစ်ကာ အရပ်သား ၆၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့ကြောင်းလည်း သိရသည်။

ပုံစာ – ဩဂုတ် ၁၇ ရက်နေ့တွင် စစ်ကော်မရှင်က လေကြောင်းမှဗုံးကြဲခဲ့ပြီးနောက် မြင်ကွင်း၊