
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာပြုလုပ်မယ့် ဆွေးနွေးပွဲမတိုင်မီ ယူကရိန်း သမ္မတ ဇီလန်စကီးအပေါ် ဖိအားတိုးပေးခဲ့ပြီး ဇီလန်စကီးအနေနဲ့ အလိုရှိပါက ရုရှားနဲ့စစ်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်တယ်လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့သို့ ဝင်ရောက်လို့မရသလို ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ တစ် စိတ်တစ်ပိုင်းအဖြစ် ၂၀၁၄ ခုနှစ်မှာ ရုရှားက တရားမဝင် သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို ပြန်ရမှာမဟုတ်ဖူးလို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
“ယူကရိန်းသမ္မတ ဇီလန်စကီးက အလိုရှိရင် ရုရှားနဲ့စစ်ပွဲကို ချက်ချင်း အဆုံးသတ်နိုင်ပါတယ်။ သူက ရုရှားနဲ့ ဆက်တိုက်မယ်ဆို ဆက်တိုက်နိုင်ပါတယ်” လို့ ၎င်းက ရေးသားခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ အဓိက တောင်းဆိုချက်တစ်ခုမှာ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ ဝင်ရောက်ခွင့်မပြုဖို့ ဖြစ်ပါတယ်။
အမေရိကန်၊ ဉရောပမိတ်ဖက်တွေရဲ့အင်အားနဲ့ ငြိမ်းချမ်းရေးယူဖို့ ရုရှားနိုင်ငံကို အကျပ်ကိုင်နိုင်ဖို့ မျှော်လင့်ကြောင်း ဝါရှင်တန်မြို့တော်မှာ ရောက်ရှိနေတဲ့ ဇီလန်စကီးက ပြောပါတယ်။
“ဖိတ်ကြားမှုအတွက် အမေရိကန်သမ္မတကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ စစ်ပွဲကို အမြန် ဆုံး အဆုံးသတ်ချင်ပါတယ်” လို့ ဇီလန်စကီးက လူမှုကွန်ရက် Telegram မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းကို ကာကွယ်ပေးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘော တူခဲ့ကြောင်း တနင်္ဂနွေနေ့အစောပိုင်းမှာ ဒေါ်နယ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝှစ်ကော့ဖ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်ပေးဖို့ အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကို ဉရောပ ခေါင်းဆောင်တွေက ကြိုဆိုခဲ့ပြီး မိမိတို့ဘက်မှာ အမေရိကန်နိုင်ငံရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ကိုးကား – CNN
Ref; Trump says Ukraine cannot join Nato or reclaim Crimea ahead of key talks