ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ် ၁၉ ရက်

MRO/CDF-မတူပီ(Matupi Revolution Organization/Chinland Defence Force-မတူပီ)က ၎င်းတို့ထိန်းချုပ်ထားသော နေရာ၊ ဒေသများတွင် စစ်မှုမထမ်းမနေရအမိန့်ကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းဒေသခံများထံမှ သိရသည်။

စစ်မှုမထမ်းမနေရအမိန့်အရ အသက် ၁၆ နှစ်မှ ၄၀ နှစ်အထိ ပြည်သူများအားလုံး စစ်မှုထမ်းရမည်ဟု သိရပြီး တပ်သားသစ် သတ်မှတ်ချက်တွင် အကြုံးဝင်သော လူပုဂ္ဂိုလ်များကို ထွက်ပြေးရန်ကူညီခြင်း၊ ပူးပေါင်းခြင်းများလုပ်ဆောင်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု ဆိုသည်။

” အခုမတူပီမြို့မှာ ကျောင်းတက်နေတဲ့ ကျေင်းသား၊ ကျောင်းသူတွေဟာ မြို့ပေါ်မှာ နေထိုင်သူတွေပါသလို နယ်ကနေ ကျောင်းလာတက်တဲ့ သူတွေလည်းပါတယ်။ ၁၆ နှစ်ပြည့်တဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း အကုန်ပါသွားတယ်။ CDM ကျောင်းဆရာ၊ ဆရာမတွေလည်း အကုန်စစ်မှုထမ်းရမယ်ပေါ့။ MRO/CDF-မတူပီက ခေါ်သွားတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ လက်ရှိအချိန်အထိ အဆက်သွယ်ပြတ်နေတယ်။ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်” ဟု မတူပီမြို့ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

စစ်မှုမထမ်းမနေရအမိန့်ကို MRO/CDF-မတူပီက တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်းသိရပြီး စစ်မှုမထမ်းလိုသော မတူပီဒေသခံများသည် MRO/CDF-မတူပီ၏ ထိန်းချုပ်မှုအောက်တွင် မရှိသည့် နေရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

စစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်ပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်မှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းမ်အနေဖြင့် MRO/CDF-မတူပီ တာဝန်ခံကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေဆိုခြင်းမရှိသေးပါ။

ချင်းပြည်နယ်၏ မြို့နယ် ခုနှစ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် MRO/CDF-မတူပီက မြို့အဝင်/အထွက်ကို ပိတ်ပင်ထားပြီး ၎င်းတို့ထိန်းချုပ်နယ်မြေတွင် ပြည်သူများအင်တာနက်လိုင်းအသုံးပြုမှုကိုလည်း ပိတ်ပင်ထားကြောင်သိရသည်။

Photo-MRO/CDF-မတူပီ။