
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
အိန္ဒိယအစိုးရသည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်နှင့် စစ်ရေး၊ စီးပွားရေး ပူးပေါင်းမှုများကို အရှိန်မြှင့်၍ တရုတ်အစိုးရ၏ ဩဇာကို ထိန်းချုပ်ရန် ကြိုးပမ်းလာကြောင်း Justice For Myanmar ၏ အစီရင်ခံစာများနှင့် လေ့လာသူတို့ထံက သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရနှင့် ၎င်း၏ကုမ္ပဏီများသည် စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၊ နည်းပညာများအပြင် ဒရုန်းရန်ကာကွယ်ရေး ရေဒါများ (LLLWR)နှင့် လောင်စာဆီများကို စစ်ကော်မရှင်အား ရောင်းချပံ့ပိုးခဲ့ကြောင်း သိရသည်။
အထူးသဖြင့် အိန္ဒိယကုမ္ပဏီ Astra Microwave Products Ltd သည် စစ်ကော်မရှင်၏ လက်နက်ပွဲစားကုမ္ပဏီ Light Head Group of Companies Limited နှင့် ပူးပေါင်း၍ Drishti LLLWR ရေဒါစနစ်များ ရောင်းချရန် ကြိုးပမ်းနေကြောင်း ပေါက်ကြားလာသည့် လျှို့ဝှက်စာရွက်စာတမ်းများအရ သိရသည်ဟု Justice For Myanmar က ထုတ်ပြန်သည်
စစ်ကော်မရှင်ကို အစောပိုင်းတွင် သံတမန်ဆက်ဆံရေး လျော့ကျမှုတချို့ ရှိခဲ့သော်လည်း နောက်ပိုင်း၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုယ်တိုင် တွေ့ဆုံဆက်ဆံလာ၍ တစ်ဖက်တွင်မူ တော်လှန်ရေး အင်အားစုများ အား ၎င်းတို့လိုအပ်ချက်အရသာ ထိတွေ့ဆက်ဆံနေကြောင်း India for Myanmar ထံမှ သိရသည်။
“အခုအိန္ဒိယရဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်က ရှုပ်ထွေးတယ်။ စစ်ကော်မရှင်ကို ကူညီနေတာဟာ သူ့အကျိုးစီးပွား ပါတော့ပါမယ်။ တရုတ်အားပြိုင်မှုလို့ ချိန်ဆတဲ့နေရာမှာလည်း ပါလိမ့်မယ်” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကော်မရှင်အရာရှိများကိုလည်း အိန္ဒိယနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးများအား အိန္ဒိယအစိုးရက အားပေးကူညီလျက်ရှိသလို စစ်ခေါင်းဆောင်တို့နှင့် တွေ့ဆုံနေမှုများက ပတ်သက်မှုကြီးကြီးမားမား ရှိနေကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယအစိုးရသည် ၎င်းတို့၏ မဟာဗျူဟာမြောက် အရေးပါမှုဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ပေးရန်အပါအဝင် စသည် တို့ကို စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးအား တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို အိန္ဒိယအစိုးရက ဒေါ်လာ ၅၀၀ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဘင်္ဂလားဒေ့ရှ်အား ရှောင်ကွင်း၍ ပင်လယ်ထွက်ပေါက်ရရှိရန် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများအား ဘင်္ဂလား ပင်လယ်အော်နှင့် ချိတ်ဆက်နေခြင်းဖြစ်ကာ စစ်တွေဆိပ်ကမ်း၊ ပလက်ဝဆိပ်ကမ်းတို့ကို တည်ဆောက် ထားကြောင်း သိရသည်။
ယင်းအပြင် စီမံကိန်း၏ ကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းထိ တိုးတက်ရရှိရေးနှင့် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံတွင် တရုတ်အစိုးရဩဇာ ကြီးထွားနေမှုကို အားပြိုင်လို၍ ဟန့်တားနိုင်ရန် ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း လေ့လာသူတို့က သုံးသပ်ထောက်ပြကြသည်။
“စစ်ကော်မရှင်နဲ့ ပူးပေါင်းခြင်းအားဖြင့် တရုတ်နဲ့ အာဏာချိန်ခွင် ချိန်ညှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တစ်ချက်က တရုတ်ကို ထားခဲ့ပြီးတော့ စစ်ကော်မရှင်က ဘယ်တော့မှ အိန္ဒိယကို အလေးပေးမှာ မဟုတ်ဘူး” ဟု India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA)၏ ထိန်းချုပ်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းနေရပြီး ကီလိုမီတာ ၁,၄၀၀ ရှည်လျား၍ ၇၀ ရာခိုင်းနှုန်း ပြီးစီးနေသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ်ရေး လမ်းမကြီးသည်လည်း စစ်ကိုင်းဒေသ (တမူး-ကလေးဝ)၌ လုံခြုံရေးကြောင့် လုပ်ငန်းနှောင့်နှေး နေကြောင်း သိရသည်။
ယင်းအခြေအနေများအပြင် အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတလျှောက် တော်တော်များများကိုလည်း စစ်ကော်မရှင်က စစ်ရှုံးလက်လွှတ်ထားရသည့်အတွက် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများကို မဖြစ်မနေအရ အိန္ဒိယအစိုးရအနေဖြင့် တွေ့ဆုံနေခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယအစိုးရအနေဖြင့် အာဏာသိမ်း စစ်ကော်မရှင်နှင့် ပိုမိုပူးပေါင်းသည့် သဘောရှိပြီး ရွေးကောက်ပွဲကိုလည်း ကူညီမည့်အနေအထား တွေ့ရကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာ စောင့်ကြည့်သူ၊ ပြည်သူ့ရေးရာမူဝါဒသုသေတီ R. Lakher က ဧရာဝတီတိုင်းမ်ကို ထောက်ပြပြောသည်။
“သူကတော့ နိုင်မြင်းကို လောင်းတာဆိုတော့ တရုတ်၊ ရုရှား၊ အာဆီယံနိုင်ငံတချို့က စစ်ကော်မရှင်ဘက် ပါနေတာဆိုတော့ အိန္ဒိယလည်း ပိုပူးပေါင်းတဲ့ သဘောရှိပါတယ်။ NUG ထက် စစ်ကော်မရှင်နဲ့ ပူးပေါင်းခြင်းက သူ့အတွက် အကျိုးစီးပွား ပိုများမယ်ထင်လို့ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။
အလားတူ အိန္ဒိယအစိုးရသည် အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် နိုင်ငံရေး ထွက်ပေါက်ရအောင် ကြိုးပမ်းပြင်ဆင်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ထောက်ခံအားပေးနေသလို e-ID စနစ်အပါအဝင် နည်းပညာများအတွက်လည်း ကူညီပူးပေါင်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- MOI