
ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဩဂုတ် ၁၈ ရက်
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီး ဒေသကို ယမန်နေ့ ဩဂုတ် ၁၇ ရက်တွင် စစ်ကော်မရှင်က လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၃၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မော်ချီးဒေသကို ယမန်နေ့ နံနက်ပိုင်းတွင်တစ်ကြိမ် တိုက်နယ်ဆေးရုံကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် ပိုင်းတွင်ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၃၂ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံးနှင့်အထက် ပျက်စီးမှုများရှိခဲ့ ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ယနေ့ ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။
“တချို့ရုပ်အလောင်းတွေကလည်း ပြန့်ကျဲသွားတဲ့အတွက်ကြောင့်မို့ ပြန်ရှာလို့မရတဲ့ဟာတွေ ရုပ်အလောင်းကဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ဟာတွေ ပျက်စီးသွားတဲ့ဟာ တွေရှိသေးတယ်။ လူထုတွေကအသိလည်းရှိကြပါတယ်။ စစ်ကောင်စီက သိတဲ့အတိုင်း အချိန်မရွေးလာလုပ်တော့။ ဒီကာလမှာ ဗုံးကြဲမှုများတယ်ဆိုတဲ့ အကြောင်းတော့ အားလုံးကို အကြောင်းကြားထားပါတယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မော်ချီးဒေသကို စစ်ကော်မရှင်က မကြာခဏဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ဒေသခံတချို့မှာ စစ်ဘေးရှောင်တိမ်းနေကြပြီး ကျန်ရှိသည့် ဒေသခံများနှင့် အခြားဒေသမှ စစ်ဘေးလာရောက် ရှောင်တိမ်းသူများမှာ လေကြောင်းတိုက်ခိုက်မှုများအတွက် ဗုံးခိုကျင်းများတူးကာ တက်နိုင်သည့်ဘက်မှ ပြင်ဆင်မှုများပြုလုပ်ထားရကြောင်း သိရသည်။
စစ်ကော်မရှင်၏ ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကို အရေးယူနိုင်ရန် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံ နှင့် နိုင်ငံတကာ အနေဖြင့်လည်း စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအပေါ် ထိရောက်စွာ အရေးယူ ပေးကြရန် IEC ကတိုက်တွန်းထားသည်။
စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ်အတွင်း မော်ချီး ဒေသကို လေကြောင်းတိုက်ခိုက်မှု (၁၁) ကြိမ်အထိ ပြုလုပ်ခဲ့ရာ အရပ်သား ၆၀ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့