
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
စစ်ကော်မရှင်က ပြင်ပသွင်းကုန်ပစ္စည်းများကို ဖမ်းဆီးနေသောကြောင့် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် ရောင်းချသောထိုင်းနိုင်ငံထုတ်ကုန်များကို ဈေးဝယ်သူတစ်ဦးလျှင် အရေအတွက်နှစ်ခုသာ အများဆုံးဝယ်ယူနိုင်ကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
ယခုရက်ပိုင်းအတွင်း City Market၊ Ocean နှင့် ဂမုန်းပွင့်ဈေးဝယ်စင်တာများတွင် ထိုင်းနိုင်ငံထုတ်လူသုံးကုန်များကို အရေအတွက်ကန့်သတ်ရောင်းချနေခြင်းဖြစ်သည်။
“ City Market မှာတောင် ထိုင်းကထုတ်တဲ့ဆပ်ပြာတို့ အမွှေးအနံ့သုံးတို့ကို တစ်ယောက်ကို နှစ်ခုပဲဝယ်ရမယ်လို့ စာကပ်ထားတယ်။ ထိုင်းကလာတဲ့မုန့်တို့ နိုင်ငံခြားကလာတဲ့စားသောက်ကုန်တွေဆိုလည်း တဖြည်းဖြည်းနည်းလာပြီ။ ပြည်တွင်းထုတ်က အရည်အသွေးမကောင်းဘူး။ ဘာမှလည်းမရှိဘူး ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မြန်မာ – ထိုင်းနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို မြန်မာနိုင်ငံဘက်ကပိတ်ထားသဖြင့် ထိုင်းနိုင်ငံဘက်မှ ကုန်ကားများပိတ်မိနေပြီး ကုန်ပစ္စည်းဝင်ရောက်မှုမရှိဘဲ ကုန်စည်များဈေးမြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
“ ထိုင်းထုတ်တွေဈေးတွေနှစ်ဆလောက်ခုန်တက်သွားတယ်။ အခုလိုအခြေအနေတွေမှာ ကုန်သည်တွေက ပစ္စည်းထုတ်မရောင်းတာနဲ့ဈေးကပိုတက်ဦးမယ်။ ကုန်သည်တွေက ကုန်တော့လှောင်ထားမှာပဲ။ အခြေအနေကဘာမှန်းမသိဘူးလေ။ အဝယ်သမားကလည်း လိုက်ဝယ်မှာပဲဆိုတော့ ဈေးအခြေအနေအရ ထုတ်မရောင်းဘဲ ရပ်ထားနိုင်တယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်မရှင်သည် လိုင်စင်မပါသည့် ကုန်ပစ္စည်းများအားလုံးကို တရားမဝင်ကုန်စည်အဖြစ်သတ်မှတ်ကာ ရန်ကုန် – မြဝတီလမ်းတစ်လျှောက်တွင် နေ့စဉ်ရက်ဆက်ဖမ်းဆီးနေပြီး ကုန်ပစ္စည်းနှင့် ကုန်ကားများကိုသိမ်းယူထားကြောင်း ကုန်ကားပိုင်ရှင်တစ်ဦးက ဆိုသည်။
“ အရင်က ထိုင်းကုန်သွင်းတဲ့လမ်းပိုင်းမှာ မြဝတီကုန်သည်ကြီး ငါးဦးလောက်ရှိတယ်။ သူတို့ပိုင်တယ်ပေါ့။ အဲဒီလိုပဲကားနဲ့အဆင့်ဆင့်သယ်လို့ရတယ်။ အခုကျအဲဒီလိုမဟုတ်ဘူး။ စစ်တပ်ကအရမ်းဖမ်းနေတော့ သူတို့လည်းအရင်လို ပစ္စည်းတွေလိုက်ရွေးလို့မရဘူး။ ဂိတ်ကြေးပေးလို့လည်းမရနဲ့ အခြေအနေကြည့်နေရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြဝတီစီးပွားရေးဇုန်တွင် ဇူလိုင် ၁၉ မှ ၂၅ ရက်အတွင်း မြန်မာ – ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၇၂ သန်းရှိပြီး ပို့ကုန်တန်ဖိုး ၂ ဒသမ ၉၁၃ သန်းနှင့် သွင်းကုန်တန်ဖိုး ၁ ဒသမ ၅၅၉ သန်းရှိကြောင်းကြောင်းစစ်ကော်မရှင်လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ထိုင်းနိုင်ငံဘက်မှသွင်းကုန်တန်ဖိုး ယခင်တစ်ပတ်ထက်လျော့နည်းကာ လုပ်ငန်းသုံးကုန်ပစ္စည်းအုပ်စုတွင် ကန်ဒေါ်လာ သုညဒသမ ၄၉၇ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် ကန်ဒေါ်လာ သုည ဒသမ ၂၁၅ သန်းလျော့နည်းကြောင်း သိရသည်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ ပိတ်ထားသဖြင့် လတ်တလောတွင် ကုန်သွယ်မှု ရပ်တန့်သွားပြီး ကုန်ကား ၅၀၀ ခန့်ပိတ်မိနေကြောင်း၊ စစ်ကော်မရှင် ခွင့်ပြုချက်ရမှ ထိုင်းဘက်က ကုန်စည်များ ပြန်လည်တင်သွင်းခွင့်ပြုမှာဖြစ်ကြောင်းကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကပြောကြောင်း ပြည်တွင်းမီဒီယာ One News တွင်ဖော်ပြထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်