‎‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၈ရက်

စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၀ စင်းထက်မနည်းရောက်ရှိ၍ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကာ စစ်တွေမြို့ကမ်းခြေတလျှောက်တွင်လည်း စစ်တပ်က မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း စစ်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တွေမြို့တောင်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် ကုလားတန်မြစ်ကြောင်းတလျှောက်တွင် စစ်သင်္ဘော ၁၀ စင်းထက်မနည်းသည် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့ကတည်းက နေရာယူလှုပ်ရှားနေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစစ်သင်္ဘောများသည် ယမန်နေ့ ဩဂုတ် ၁၇ ရက်နေ့တွင်မူ စစ်တွေမြို့ ကမ်းခြေအနီးအထိ ကင်းလှည့်မှုများ ပြုလုပ်လာခဲ့သည်။

‎”စစ်ပြင်ဆင်တာလားတော့မသိဘူး။ တိုက်ရေယာဉ်တွေ ၁၀ စင်းကျော်မယ်။ ပုဏ္ဏားကျွန်းဘက်၊ ရသေ့တောင်ဘက်ကိုတော့ စစ်တွေကနေ လက်နက်ကြီး မကြာခဏပစ်တာရှိပေမယ့် တိုက်ပွဲသတင်းတော့မကြားရသေးဘူး” ဟု စစ်တွေဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တွေမြို့ ပွိုင့်ကမ်းခြေ၊ ကျေးတောပိုက်ဆိပ် ဆိပ်ကမ်း၊ ရွှေပြားဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း၊ စစ်တွေ ရှုခင်းသာ ကမ်းနားလမ်းတလျှောက်တို့တွင် မြေမြှုပ်မိုင်းများ ထောင်ထားကာ ‎ပေါက်တောမြို့နယ် သဲခုံကျေးရွာ တစ်ဖက်ကမ်းနှင့် ရွှေမင်းဂံရေတပ်စခန်းတွင်လည်း စစ်သင်္ဘောများ ဆိုက်ကပ်ထားကြောင်း စစ်သတင်းရင်းမြစ်များထံမှ သိရသည်။

‎စစ်ကော်မရှင်က စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ အများစုမှ ဒေသခံများကိုလည်း ကျေးရွာများမှမောင်းထုတ်ပြီး အဆိုပါ ရွာများတွင် ကာကင်းစခန်းများဆောက်လုပ်ထားကြောင်း သိရသည်။

ပုံစာ- ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့် စစ်ကောင်စီရေယာဉ်များကိုတွေ့ရစဉ် (ပုံဟောင်း)