
အပိုင်းလိုက် ကျင်းပမည်ဟု ဆိုခြင်းသည် နိုင်ငံအား ထိန်းချုပ်နိုင်ခြင်းမရှိသည်ကို ပြသနေ
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၁၈ ရက်တွင် ကြေညာခဲ့သည်။
စစ်ကော်မရှင်၏ ပထမဆုံးအဆင့်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့တွင် စတင်ကျင်းပပြုလုပ်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ရွေးကောက်ပွဲများကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကျင်းပမည့် နေ့ရက်များကိုလည်း ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ UEC ဥက္ကဋ္ဌ ဦးသန်းစိုး၏ အမည်ဖြင့် ထုတ်ပြန်ထားသည်။
” တရားဝင်ရွေးကောက်ပွဲပြောနေပေမယ့် အမေရိကန်၊ အင်္ဂလန်နဲ့ အီးယူလို နိုင်ငံကြီးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်တပ် အာဏာသိမ်းတာကို လက်မခံဘူး။ ဒါကြောင့် စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို တရားဝင်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုဖွယ်မရှိသလို တရားဝင်တယ်လို့လည်း ဆိုနိုင်ခြင်း မရှိပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ ဒေသက ပြည်သူတွေဆို မဲပေးပိုင်ခွင့်တွေမရှိဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် ရွေးကောက်ပွဲပထမအဆင့်ကို ဒီဇင်ဘာတွင် ကျင်းပမည်ဖြစ်ပြီး အပိုင်းလိုက် ကျင်းပမည်ဟု ကြေညာချက် ထွက်ပေါ်လာခြင်းသည် နိုင်ငံအား ထိန်းချုပ်နိုင်ခြင်းမရှိသည်ကို ပြသနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သည်။ ထိုသို့ စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာပြီး တစ်နိုင်ငံလုံးနီးပါးတွင် ပြည်သူ့ခုခံတော်လှန်စစ်များ ဖြစ်ပွားခဲ့သည်။