
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ဩဂုတ် ၁၉ ရက်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်ပြီး တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ထံမှ သိရသည်။
အဆိုပါမုန်တိုင်းငယ်သည် ဩဂုတ် ၁၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် တောင်ပိုင်း-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်မည်ဟု ခန့်မှန်းနိုင်ကြောင်း မိုး/ဇလ က ယနေ့ သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။
ဩဂုတ် ၁၈ ရက်နေ့ ညနေ့အထိမိုးလေဝသခန့်မှန်းချက်တွင် ကချင်ပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား ရာနှုန်းပြည့်မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုတွင် စစ်ကိုင်းတိုင်း၊ ကချင် ပြည် နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီးလှိုင်း ကြီးနိုင်ကာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်၍ လှိုင်းအမြင့်ပေ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလ က ဆိုထားသည်။
ဓာတ်ပုံ – မိုး/ဇလ