
ဧရာဝတီတိုင်းမ်
(ပေါက်ခေါင်း)၊ ဩဂုတ် ၁၈ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒေါကျေးရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ တပ်သား ငါးဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘော်ဒါကျေးရွာ စစ်ကော်မရှင်ဂိတ်စခန်းမှာ အင်အား ၄၂ ဦးရှိသည့် စစ်စခန်းတစ်ခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကော်မရှင်၏ အခြားအထိုင်စခန်းများဖြစ်သည့် စာသင်ကျောင်းကုန်း၊ သစ်တောကုန်း၊ ဆက်သွယ်ရေးကုန်း တို့မှ တပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာထွင်ပြေးသွားကြသည့်အတွက် ၎င်းစခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။
“ဘော်ဒါစခန်းကအာဏာသိမ်းပြီးတည်းကအထိုင်ချနေတာ အင်အားကတော့ ၄၂ ဦးရှိတယ်။ အခုဆိုရင်တော့ အင်အားထပ်ဖြည့်ထားတာရှိပါတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရှဲဒိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့များထံမှ MA-3 နှစ်လက်၊ MA-11တစ်လက်၊ အူဇီ တစ်
လက်၊ ပစ္စတို တစ်လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ရှေထွက်မိုင်း တစ်လုံး၊ ကျည်ဘောက် ၁၃ ဘောက်၊ICom တစ်လုံး၊ ဖုန်း လေးလုံး၊ ဆက်သွယ်ရေးအထိုင်စက် တစ်လုံးနှင့်စစ်အသုံးဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဗျူဟာ(၂၁) ကွပ်ကဲမှုဖြင့် ပြည်ခရိုင် ၃၆၀၁ တပ်ရင်း၊ ၃၆၀၂ တပ်ရင်း နှင့် တောင်ငူခရိုင် ၃၅၀၁ တပ်ရင်း တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
စစ်ကော်မရှင်သည် အဆိုပါနေ့တွင်ပင် ပေါက်ခေါင်းမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ရာ ဒေသခံ ခြောက် ဦးသေဆုံးခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့