
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ရက်
စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ်အတွင်း စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး တက်နေသော်လည်း အစုလိုက် အပြုံလိုက် သေဆုံးပြီး အင်အားပြုန်းတီးနေကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၁၇ရက်နေ့က ကျောက်ဖြူမြို့နယ်ရှိ နေရာ ခုနစ် ခုထက်မနည်းတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။
”AAက အခုဆို တပ်ဆုတ်တာမျိုးမရှိတော့ဘဲ အပြင်းအထန်ပြန်ခုခံနေလို့ တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ဘက်က သေဆုံးတာတော့မြင်မကောင်းဘူး။ အင်အားများသလောက် အထိအရှလည်း များနေတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လိပ်ခမော်၊ ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ သပြုတောင်၊ စည်မော်၊ ရှောက်ချောင်း၊ မင်းတပ်တောင်၊ ပျားတဲ၊ ကပ်သပြေတို့တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က သပြုတောင်နှင့် လိပ်ခမော်ကို ပြန်လည်း စီးနင်းထားကြောင်း သိရသည်။
တိုက်ပွဲဧရိယာကျယ်ပြန့်နေပြီး စစ်ကော်မရှင်ဘက်မှ အစုလိုက်အပြုံလိုက်သေဆုံးမှုရှိပြီး အလောင်း ကောက်ယူနိုင်သည့် အနေအထားမရှိကြောင်း စစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကော်မရှင်က AA ထိုးစစ်ရပ်ထားသည့်ကာလတွင် ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်မှတဆင့် လူအင်အား ၅၀၀ ခန့်ဖြည့်တင်းခဲ့ပြီး တိုက်ပွဲပြင်းထန်သည့်ကျေးရွာများဘက်သို့ တင့်ကားများကိုပါ ပို့ဆောင်မှုရှိခဲ့ကြောင်း သိရသည်။
ဓညဝတီရေတပ်ဌာနချုပ်နှင့် ဆုံးရှုံးနယ်မြေများကြား ချိတ်ဆက်မှုပြန်လည်ရယူရန် စစ်ကော်မရှင်က စစ်ကြောင်းထိုး ချီတက်နေခြင်းဖြစ်ပြီး ကြည်း၊ ရေ၊ လေ အသုံးပြု၍ တိုက်နေခြင်းဖြစ်ကြောင်း စစ်သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် စစ်ကော်မရှင်က ဒရုန်းနှင့် စက်တပ်လေထီးများကိုပါ အသုံးပြုနေပြီး မိုးများသည့် အချိန်များတွင် ပင်လယ်ပြင်တွင်ကင်းလှည့်နေသည့်နေဗီများနှင့် ဓညဝတီရေတပ်ဌာနချုပ်၊ ရဲတပ်ရင်း ၃၂ တို့မှနေ၍ လက်နက်ကြီး ပစ်ကူပေးနေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)