အယိုက်လင်း/ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ သြဂုတ် ၁၈ ရက်

ချင်းညီနောင်(CB)အဖွဲ့ တစ်နှစ်နီးပါး ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် လူနေအိမ် ငါး လုံးပျက်စီး သွားကြောင်း ဒေသခံများထံမှ သိရသည်။

နေပြည်တော် အေလာ လေတပ်မှ ဂျက်ဖိုက်တာတစ်စီးသည် ယမန်နေ့ သြဂုတ် ၁၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က ကန်ပက်လက်မြို့၊ ပါတီကုန်းနှင့် မြန်မာ့စီးပွားဘဏ်ရုံးအနား နှစ်နေရာတွင် ဗုံးသီးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“မြို့ပေါ်က ပါတီကုန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်ရုံးအနားမှာ ဗုံးသီးနှစ်လုံး ကြဲသွားတာပါ။ လူနေအိမ် နှစ်လုံးက လုံးဝ ပျက်စီးသွားပြီး လူနေအိမ် သုံးလုံးက အနည်းငယ် ပျက်စီးသွားပါတယ်။ တခြားအိမ် တွေလည်း ဗုံးစထိမှန်တာတွေ ရှိသေးတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်စဥ်တွင် အရပ်သားများ ရှိမနေသည့်အတွက် လူထိခိုက်သေဆုံးခဲ့ခြင်း မရှိကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်းတွင် အရေးပေါ်အခြေအနေကြေညာထားပြီးနောက် လေကြောင်း စောင့်ကြည့် မှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

“ညဘက်ဆို လေယာဥ်အမြဲလိုလို လာတယ်။ နေ့ခင်းဘက်ဆို တစ်ခါတလေ လေယာဥ်သံတွေ၊ လေယာဥ်တွေ မြင်ရတယ်၊ ကြားရတယ်။ လာပြီဆိုတာနဲ့ မြို့ကိုပတ်တယ်။ မင်းတပ်၊ ကန်ပက်လက် ဘက်က ပတ်လာတာတွေရှိသလို ပလက်ဝဘက်က လာတာတွေလည်းရှိတယ်” ဟု မတူပီမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကော်မရှင်မှ လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အစိုးရအဆောက်အဦး နှစ်လုံး နှင့် လူနေအိမ် ရှစ် လုံး ထိခိုက်ပျက်စီးခဲ့သည်။

ပုံစာ- ကန်ပက်လက်မြို့ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပျက်စီးသွားသည့် နေအိမ်များကို တွေ့ရစဥ်(ပေးပို့)