‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၇ရက်

‎ကချင်ပြည်နယ် အင်းတော်ကြီးဒေသရှိ ကျေးရွာ နှစ်ရွာမှ စစ်စခန်း နှစ်ခုကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA) က ပြန်လည် သိမ်းယူလိုက်ကြောင်း သိရသည်။

‎အင်းတော်ကြီးရှိ မိုင်းနောင်နှင့် မမုံကိုင် စစ်စခန်းများကို ယမန်နေ့ ဩဂုတ် ၁၆ရက် နံနက်ပိုင်းတွင် KIA က သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ကချင် သတင်းရင်းမြစ်ထံမှ သိရသည်။

‎”စခန်းကို KIA က မနေ့က မနက် ၁၀နာရီကျော်မှာ ဝင်သိမ်းနိုင်ခဲ့တယ် ပြောပါတယ်။ တိုက်ပွဲဖြစ်ချိန် ၇ နာရီကျော်ကြာပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်နှင့် SNA ရှမ်းနီပြည်သူ့စစ်များ သိမ်းယူထားသည့် အဆိုပါ ကျေးရွာများကို ပြန်လည် သိမ်းယူချိန်တွင် စစ်ကော်မရှင် သုံ့ပန်းများနှင့် လက်နက်များကိုပါ သိမ်းဆည်း ရမိကြောင်း သိရသည်။

KIA တပ်မ ၉၊ တပ်ရင်း ၂၆ ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇူလိုင်လက ‎မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာများကို လက်လွှတ်ခဲ့ရပြီး စစ်ကော်မရှင်နှင့် SNA ပြည်သူ့စစ်များ ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။

‎တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကော်မရှင်က လေကြောင်းပစ်ကူ ဆက်တိုက်ပေးခဲ့သော်လည်း စစ်ကော်မရှင်တပ်များမှာ စစ်စခန်းများကိုစွန့်ခွာ၍ လုံးတုံ စစ်စခန်းဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

‎လက်ရှိတွင်ဖားကန့်မြို့နယ်၌လည်း စစ်ကော်မရှင်တပ်နှင့် KIA တပ်များမှာ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ ဩဂုတ် ၁၇ရက် နေ့လယ် ၃ နာရီခန့်တွင် အမှိုက်ပုံ ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

‎လူအသေအပျောက်နှင့် ပျက်စီးမှုကိုမူ လေယာဉ်ဝဲနေသေးသဖြင့် စုံစမ်းမှုမပြုနိုင်သေးကြောင်း ဖားကန့်ရှိ ပရဟိတပြုလုပ်နေသည့်အဖွဲ့များက ဆိုသည်။

ဓာတ်ပုံ-အင်တာနက်