ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၁၇ ရက်)

အမျိုးသမီးတွေ လှပနုနယ်နေတဲ့ လျှို့ဝှက်ချက်ကို သိကြပါသလား။ အီစထရိုဂျင် (Estrogen) လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းကြောင့်ပဲ ဖြစ်ပါတယ်။ သားဥအိမ် (Ovary) ဟာ မျိုးဆက်ပွားဖို့အတွက် သားဥတွေအပြင် အမျိုးသမီးတို့ရဲ့ ခန္ဓာကိုယ် ကျန်းကျန်းမာမာနဲ့ ဟန်ချက်ညီစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အမျိုးသမီးဟော်မုန်းတွေကိုပါ ထုတ်လုပ်ပေးပါတယ်။

အရေးကြီးတဲ့ သားဥအိမ်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲကမှ အဖြစ်အများဆုံးနဲ့ လူသိများတဲ့ ပြဿနာတစ်ခုကတော့ “သားဥအိမ်မှာ အရည်အိတ်တည်ခြင်း” (Ovarian Cyst) ပဲ ဖြစ်ပါတယ်။

◾️သားဥအိမ်မှာအရည်အိတ်တည်ခြင်း (Ovarian Cyst)

သားဥအိမ်မှာ အရည်အိတ်တည်တယ်ဆိုတာ သားဥအိမ်ရဲ့ အတွင်းသားထဲမှာ ဒါမှမဟုတ် ဘေးမျက်နှာ ပြင်ပေါ်မှာ အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်လေးတွေ ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ အရည်အိတ် အများစုဟာ အန္တရာယ်မရှိဘဲ လက္ခဏာလည်း မပြတတ်သလို သူ့အလိုလို ပြန်လည်ပျောက်ကင်း သွားတတ်ပါတယ်။ ဒါပေမဲ့ အချို့အရည်အိတ်တွေကတော့ နာကျင်ခံစား ရတတ်ပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက် သတိထားပြီး ကုသရပါမယ်။

သားဥအိမ်အရည်အိတ် အဖြစ်အများဆုံး အမျိုးအစား နှစ်မျိုးရှိပါတယ်။

၁။ ဓမ္မတာရာသီစက်ဝန်းကြောင့် ဖြစ်လာတတ်တဲ့ အရည်အိတ်များ (Functional Cysts)

ဒါက ဓမ္မတာရာသီစက်ဝန်းနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အရည်အိတ်အမျိုးအစားဖြစ်ပြီး အန္တရာယ် မရှိတတ်ပါဘူး။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းရဲ့ အလယ်လောက်မှာ မမျိုးဥလေးဟာ မျိုးဥအိတ် (follicle) အတွင်းမှာ ကြီးထွားလာပြီး အဲဒီအိတ်ကွဲထွက်တဲ့အခါ မမျိုးဥ ထွက်လာပါတယ်။ ဒီဖြစ်စဉ်ကို သားဥကြွေတယ်လို့လည်း ခေါ်ပါတယ်။ တကယ်လို့ အဲဒီ မျိုးဥအိတ် (follicle) က မကွဲထွက်ဘဲ (သားဥမကြွေဘဲ) ဆက်လက်ကြီးထွားလာတဲ့အခါမှာ မျိုးဥအိတ်အရည်အိတ် (Follicular cyst) ဖြစ်လာပါတယ်။

သားဥကြွေပြီးနောက် မမျိုးဥမရှိတော့ဘဲ လစ်ဟာကျန်ခဲ့တဲ့နေရာကို Corpus Luteum လို့ခေါ်ပါတယ်။ တကယ်၍ အဲဒီနေရာမှာ အရည်တွေ စုပုံလာပြီး အရည်အိတ်တည်ရင်တော့ Corpus Luteum cyst လို့ခေါ်ပါတယ်။

၂။ ရောဂါကြောင့်ဖြစ်လာတဲ့ အရည်အိတ်များ (Pathological Cyst)

ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာတာကြောင့် သားဥအိမ်အရည်အိတ် ဖြစ်ပေါ်လာရပါတယ်။ အတွေ့ရနည်းသော်လည်း စနစ်တကျ ကုသဖို့လိုအပ်ပါတယ်။

ဆံပင်၊ အရေပြား၊ သွား စတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ အရည်အိတ်ကို သားဥအိမ်မှာ ဖြစ်ပေါ် တာကို ရပ်ရွာအတွင်းမှာတော့ စုန်းပြုစားတယ်၊ အပင်းသွင်းတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ တကယ်တော့ ဒါဟာ Dermoid Cysts လို့ခေါ်တဲ့ ရောဂါဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ ဘယ်အင်္ဂါ အစိတ်အပိုင်းမဆို အရည်အိတ်အတွင်းမှာ ဖွဲ့စည်းနိုင်ပါတယ်။ ဒါကို စနစ်တကျ ခွဲစိတ်ကုသ ဖယ်ရှား နိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေလည်း အလွန်နည်းပါတယ်။

သားဥအိမ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိတဲ့ ဆဲလ်တွေ အဆမတန်များပြားလာပြီး အရည်ကြည်နဲ့ အချွဲတွေ အပြည့်ဖြင့် သားဥအိမ်အရည်အိတ်တည်ခြင်းကို Cystadenomas လို့ ခေါ်ဆိုပါတယ်။

သားဥအိမ်ပေါ်မှာ သားအိမ်ကြွက်သားတစ်သျှူးတွေ ရောက်ရှိတွယ်ကပ်ပြီး ကြီးထွားလာရာကနေ ဖြစ်ပေါ်လာတဲ့ အရည်အိတ်ကို Endometriomas လို့ ဆေးပညာအရ ခေါ်ဆိုကြပါတယ်။ ဓမ္မတာရာသီ တစ်ခါလာတိုင်း သားဥအိမ်အတွင်းက သားအိမ်တစ်သျှူးတွေမှာ သွေးစို့စို့ဖြစ်လာပြီး အချိန်ကြာလာ တဲ့အခါ သွေးပမာဏများပြားလာရင် “ချောကလက်အရည်အိတ်” (Chocolate Cyst) လို့လည်း ခေါ်ဆိုကြပါတယ်။

◾️ရောဂါလက္ခဏာများ

သားဥအိမ်အရည်အိတ် အများစုဟာ သိသာထင်ရှားတဲ့ လက္ခဏာမပြတတ်ပါဘူး။ အရည်အိတ်က အရွယ်အစား ကြီးမားလာတဲ့အခါ၊ ပေါက်ထွက်သွားတဲ့အခါမှသာ ဒါမှမဟုတ် လိမ်ကျစ်သွားတဲ့ အခါမှသာ ထူးခြားတဲ့ရောဂါလက္ခဏာတွေ ခံစားရပါတယ်။

တင်ပဆုံတစ်ဝိုက်နှင့် ဝမ်းဗိုက်အောက်ပိုင်းမှာ ကိုက်ခဲနာကျင်ခြင်း (အမြဲတမ်းမဖြစ်ဘဲ ပျောက်လိုက် ပေါ်လိုက်လည်း ဖြစ်နိုင်ပါတယ်)။

ဗိုက်ပြည့်အင့်ခြင်း၊ ဗိုက်ဖေါင်းခြင်း၊ ခန္ဓာကိုယ်သယ်ရလေးလံသည်ဟု ခံစားမိခြင်း၊ ထဘီစကတ် ဘောင်းဘီ ကြပ်ကြပ်ဝတ်ဆင်ရသလိုခံစားရခြင်းတွေကိုလည်း ရံဖန်ရံခါကြုံရတတ်ပါတယ်။

ဆီးခဏခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ကာမဆက်ဆံချိန်တွင် နာကျင်ခြင်း၊ဓမ္မတာရာသီမမှန်ခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲမှု ပိုပိုဆိုးလာခြင်း စတဲ့လက္ခဏာတွေလည်းကြုံတွေ့ရတတ်ပါတယ်။

ပျို့အန်ခြင်း၊ (သားမြတ်)ရင်သားနာကျင်ခြင်းတို့လည်း ခံစားရတတ်ပါတယ်။ အရည်အိတ်လိမ်သွားခြင်း ၊ ပေါက်သွားခြင်းတို့ကြောင့် ရုတ်တရက် ပြင်းပြင်းထန်ထန် ဗိုက်အောင့်နိုင်ပြီး အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုပါတယ်။

◾️ရောဂါရှာဖွေခြင်း(Diagnosis)

ရောဂါလက္ခဏာတွေ ရှိလာပြီဆိုရင်ဖြစ်ဖြစ် ဓမ္မတာရာသီမမှန်တော့တာဖြစ်ဖြစ် သားဥအိမ်အရည်အိတ် သံသယရှိရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ ပြသပါ။ တင်ပဆုံပိုင်း နှင့် ဝမ်းဗိုက် စမ်းသပ်စစ်ဆေးခြင်း၊ သွေးစစ်၊ ဆီးစစ် အာထရာစောင်းရိုက်ခြင်း အစရှိသဖြင့်လိုအပ်သလို ရောဂါရှာဖွေနိုင်ပါတယ်။တစ်ခါတစ်ရံ ကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏာတွေနဲ့ မှားယွင်းတတ်တာကြောင့် ကိုယ်ဝန်ရှိ၊ မရှိကို အရင်ဆုံးလုပ်ရပါမယ်။

တီဗီဓာတ်မှန် (Ultrasound) ကတော့ အရေးကြီးဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးမှုပါ။ အသံလှိုင်းတွေကို အသုံးပြုပြီး သားဥအိမ်နဲ့ အရည်အိတ်ရဲ့ ပုံရိပ်ကိုကြည့်ပြီး အရွယ်အစား၊ ပုံသဏ္ဌာန်၊ တည်နေရာနဲ့ အရည်အိတ်အတွင်း အရည်အစိုင်အခဲ စသဖြင့်ပါဝင်မှုကိုပါအတိအကျ ခန့်မှန်းနိုင်ပါတယ်။ ဓာတ်ရောင်ခြည်သင့်တဲ့ဆိုးကျိုးလည်းမရှိပါဘူး။

သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရည်အိတ်က ကင်ဆာ ဟုတ်၊ မဟုတ် သံသယရှိတဲ့အခါ CA 125 လို့ခေါ်တဲ့ ကင်ဆာဓာတ်(Tumor Marker) ကို တိုင်းတာဖို့ သွေးစစ်လေ့ရှိပါတယ်။

မှန်ပြောင်းဖြင့် ခွဲစိတ်ကြည့်ရှုခြင်းနည်းလမ်း (Laparoscopy) ကတော့ ဝမ်းဗိုက်မှာ အပေါက်ငယ်လေး ဖောက်ပြီး ကင်မရာပါတဲ့ ပြွန်ငယ်လေး ထည့်သွင်းကာ သားဥအိမ်ကို တိုက်ရိုက်ကြည့်ရှုပြီး ရောဂါကို အတည်ပြုနိုင်သလို တစ်ခါ တည်းလိုအပ်တဲ့ ကုသမှုကိုပါပေးနိုင်တာကြောင့်ခေတ်စားလာပါတယ်။

◾️ကုသနည်းလမ်းအဖြာဖြာ

လူနာရဲ့ အသက်အရွယ်၊ ရောဂါလက္ခဏာ၊ အရည်အိတ်အမျိုးအစားနဲ့ အရွယ်အစားပေါ်မှာ မူတည်ပြီး လူတစ်ယောက်နဲ့တယောက်ကုသမှုနည်းလမ်းတွေကွဲပြားနိုင်ပါတယ်။ အရည်အိတ်က သေးငယ်ပြီး ဘာလက္ခဏာလည်း မပြတဲ့ Functional Cyst ဆိုရင် ဆရာဝန်က ဘာကုသမှုမှ မပေးဘဲ အချိန်အတိုင်းအတာတစ်ခု စောင့်ကြည့်ဖို့ အကြံပြုပါလိမ့်မယ်။ များသောအားဖြင့် ရာသီစက်ဝန်း နှစ်ခု၊ သုံးခုအတွင်းမှာ သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။

သန္ဓေတားဆေးညွှန်ကြားပေးခြင်းကြောင့် ဟော်မုန်းပမာဏထိန်းညှိပေးပြီး မျိုးဥကြွေခြင်းကို တားဆီး ပေးပြီး အရည်အိတ်အသစ်တွေ ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သားဆက်ခြားခြင်း အကျိုးကိုရရှိဖို့မဟုတ်ဘဲ ဟော်မုန်းညီမျှဖို့ပေးခြင်းသာဖြစ်ပါတယ်။ ရှိနှင့်နေပြီးသား အရည်အိတ် ကိုတော့ ပျောက်ကင်းအောင် မလုပ်နိုင်ပါဘူး။

အရည်အိတ်က အရွယ်အစား အလွန်ကြီးနေသည့်အခါကျ၊ အချိန်ကြာကြာ စောင့်ကြည့်သော်လည်း ပျောက်မသွားဘဲ အရွယ်အစား ပိုကြီးလာတဲ့အခါ၊ ပြင်းပြင်းထန်ထန် နာကျင်မှုမျိုး ကြုံတွေ့ ခံစားရတဲ့အခါ၊ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ သံသယရှိတဲ့အခါ ခွဲစိတ်ကုသဖို့ လိုအပ်လာနိုင်ပါတယ်။

အရည်အိတ်တစ်ခုတည်းကိုသာ ခွဲစိတ်ဖယ်ရှားခြင်း (Cystectomy) နဲ့ သားဥအိမ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားခြင်း (Oophorectomy) ဆိုပြီး ခွဲစိတ်ကုထုံးနှစ်မျိုးရှိပါတယ်။ မှန်ပြောင်းဖြင့် အသေး စားခွဲစိတ်မှု Laparoscopy)ဖြင့် ပြုလုပ်ခြင်းကတော့ လူနာကို သက်သောင့်သက်သာဖြစ်စေပြီး ထိခိုက်မှု အနည်းဆုံးခွဲစိတ်ကုထုံးဖြစ်ပါတယ်။

သားဥအိမ် အရည်အိတ်တွေဟာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ခဲပါတယ်။

◾️သားဥအိမ်လိမ်ကျစ်သွားခြင်း(Ovarian Torsion)

အရည်အိတ်ကြီးလာတဲ့အခါ ဝမ်းဗိုက်အတွင်းနေရာပိုယူပြီး သားဥအိမ်ကို ဘေးကိုတွန်းလျက် လိမ်ကျစ်သွားစေနိုင်ပါတယ်။ သားဥအိမ်ဆီကို သွေးစီးဆင်းမှု ပိတ်ဆို့ခံရပြီး ပြင်းထန်တဲ့ နာကျင်မှု၊ ပျို့အန်ခြင်းတို့ကို ဖြစ်စေကာ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူဖို့လိုအပ်ပါတယ်။

အရည်အိတ်ပေါက်သွားခြင်း (Ruptured Cyst) အရည်အိတ် ပေါက်ထွက်သွားတဲ့အခါမှာလည်း ပြင်းထန်တဲ့ နာကျင်မှုနဲ့ ဝမ်းဗိုက်အတွင်း သွေးယိုစိမ့်မှုကို ဖြစ်စေနိုင်ပါတယ်။ သားဥအိမ် အရည်အိတ်တွေဟာ တစ်ခါတလေမှာ ကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ခြေရှိပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တဲ့ အရည်အိတ်တွေကို ပိုပြီး သတိထား စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်းဟာ ရောဂါကို စောစီးစွာ သိရပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတို့လည်း မိမိကျန်းမာရေးကိုယ်တိုင်ဂရုစိုက်ကြပါ။ ဆရာဝန်နဲ့တိုက်ပွဲဆွေးနွေးဖို့မရှက်ကြပါနဲ့။ ဧရာ၀တီတိုင်းမ် ပရိသတ်များအားလုံး ကျန်းမာသာယာပျော်ရွှင်တဲ့ ဘဝတွေရရှိပါစေ။

နောက်တစ်ပတ်မှာတော့ “ခေတ်ဆိုးထဲက မျှော်လင့်ချက် – မူးယစ်ဆေးဝါး သံသရာကနေ ရုန်းထွက်” ဆိုတဲ့ဆောင်းပါးကို ဖော်ပြမှာဖြစ်တာကြောင့်စောင့်မျှော်ကြပါဦး။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #သားဥအိမ်မှာအရည်အိတ်တည်ခြင်း #ကျန်းမာရေးအသိပညာပေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)