ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

ဧရာဝတီတိုင်းအတွင်း၊ စစ်မှုထမ်းတပ်သားသစ်များစုဆောင်းရာတွင် ရပ်ရွာလုံခြုံရေးအတွက်သာ တာဝန်ထမ်းဆောင်ရမည်ဟု လိမ်လည်ပြောဆိုပြီး စုဆောင်းနေကြောင်း သိရသည်။

ရပ်ရွာကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးခေါင်းစဉ်ဖြင့် ပြည်သူ့စစ်မှုထမ်းများကို ရှေ့တန်းပို့မည်မဟုတ်ကြောင်း ကိုယ့်ရပ်ကွက်တွင်သာ လုံခြုံရေးယူရမည်ဖြစ် ကြောင်း လိမ်လည်စည်းရုံးခေါ်ဆောင်ပြီးနောက် သင်တန်းပြီးပါက ရှေ့တန်းသို့ပို့ဆောင်နေခြင်းဖြစ်သည်။

ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားခန်းမတွင် ဩဂုတ် ၁၆ ရက် နံနက်ပိုင်း၌ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် စုဆောင်းထားသူများကို တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စစ်တိုင်းမှူးစိုးကျော်ထက်တို့က ပုဆိုးတစ်ထည်နှင့် ရှပ်အင်္ကျီတစ်ထည် ပေးခဲ့ကြောင်း သိရသည်။

“တပ်သားသစ်တွေကို သင်တန်းမှာ ဖုန်းပေးမသုံးဘူး။ ဝယ်ယူစားသောက်စရာတွေကိုလည်း အပြင်ပေးမထွက်ဘဲ တပ်တွင်းဆိုင်တွေမှာပဲ ဝယ်ခိုင်းတယ်။ ရှေ့တန်းပို့တာတို့ နေရာအချိန်းအပြောင်းလုပ်ရင်လည်း စစ်တပ်ကတပ်သားတွေက သေနတ်တွေနဲ့ချိန်ပြီး ခေါ်သွားတာ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မှုထမ်းတပ်သားသစ်များကို အင်အားလိုအပ်ချက်အရ စစ်သင်တန်းနှစ်လလေ့ကျင့်ပေးပြီး တိုက်ပွဲပြင်းထန်နေသည့် လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်အစပ် တိုက်ပွဲများကို ပို့ ဆောင်ခံရသည့်အတွက် သေဆုံးနှင့် ထွက်ပြေးသူများ များပြားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်မှုထမ်းတပ်သားသစ်များကို ပုသိမ်မြို့ နတခကွပ် ကဲမှုအောက်တွင် ခလရ ၂၇၁၊ အဆရ ၁၁၊ အမတ ၅၀၅ တို့တွင် အင်အားစုဆောင်းပြီး လေ့ကျင့်ရေး ၆၊ တတက ၅၊ တစသ ၇ တို့တွင် အခြေခံစစ်သင်တန်းများပေးပြီး တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းများ