‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၇ရက်

‎ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ နေရာ ခုနစ်ခုထက်မနည်းတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

‎ယနေ့ ဩဂုတ် ၁၇ရက်နေ့တွင် ကျောက်ဖြူရှိ လိပ်ခမော်ရွာသစ်၊ ပြင်ရှည်၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပျားတဲ၊ သပြုတောင်၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စည်မော်တို့၌ တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”အင်အားအများကြီးသုံးပြီး စစ်တပ်ကစစ်ကြောင်းထိုးနေတယ်။ တစ်ပတ်လောက်တော့ရှိပြီ။ AA ကနောက်မဆုတ်တော့ဘဲ ပြန်တိုက်နေတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်သည် AA ရှိရာနေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

‎ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကော်မရှင်တပ်များသည် လိပ်ခမော်ရွာသစ်နှင့် လိပ်ခမော်ရွာဟောင်းတို့ကို အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ထို့ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ AAက နောက်ဆုတ်ပေးခဲ့သည့် ကျေးရွာများဖြစ်ပြီး စစ်ကော်မရှင်က ဝင်ရောက်ချိန်တွင် ဖျက်ဆီးမှုများပါ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခတပ် (AA) သည် ‎ယနေ့ ဩဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်ခုခံတိုက်ခိုက်မှုများ ပြုလုပ်လာသည့် အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

ပုံစာ-AA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ပုံဟောင်း)