
မအူပင်မြို့တွင်းသို့ ဝင်ရောက်မည့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများ လက်နက်ပါရှိပါက စစ်ကောင်စီထံ သတင်းပို့ရန် G1 နိုင်လွင် ညွှန်ကြားထား
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ စက်တင်ဘာ ၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့အတွင်းသို့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းများဝင်ရောက်မည်ဆိုပါက စစ်ကောင်စီထံ သတင်းပို့ရန် ဒုတိယဗိုလ်မှူးကြီး နိုင်လွင်က ညွှန်ကြားထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
မအူပင်မြို့အဝင်တံတားဂိတ်မှ မြိို့အတွင်းသို့ ဝင်ရောက်မည့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် လက်နက်ပါရှိပါက တံတားဂိတ်တာဝန်ကျသူများမှ စစ်ကောင်စီထံ သတင်းပို့ရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီတံတားဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းပါတယ်။ ပြည်သူစစ်၊ မီးသတ်တပ်ဖွဲ့၊ စရဖ နဲ့ ရဲတပ်ဖွဲ့မှ SB တွေက အစ အဲဒီဂိတ်မှာရှိတယ်။ သတင်းယူတယ်ကြတယ်။ လက်နက်ပါလာရင်လည်း ဘယ်အဖွဲ့ဖြစ်ဖြစ် အချိန်နဲ့တပြေးညီ သတင်းပို့ပေးရမှာဖြစ်တယ်” ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မအူပင်မြို့အဝင် တံတားဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ သတင်းပေး(ဒလန်)များ၊ ပျူစောထီးများနှင့် ပြည်သူ့စစ်များက လုံခြုံရေးတာဝန်ယူပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒုတိယဗိုလ်မှူးကြီး နိုင်လွင်ဆိုသူမှာ မအူပင်မြို့ရှိတဲ့ သစ်မှောင်ခို လုပ်ကိုင်သူများအပါအဝင် ၂ လုံး၊ ၃လုံး၊ ကြက်ဝိုင်း၊ အခြားလောင်းကစားမျာ ပြုလုပ်နေသူများထံက လိုင်းကြေးယူကာ ချမ်းသာနေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ထို့အပြင် ၎င်းမှာ မအူပင်မြို့က စစ်အာရှင်အလိုမရှ်ိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားများ၊ CDM ဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#မအူပင် #စစ်ကောင်စီ #လက်နက် #သတင်းပို့ #G1
#Ayeyarwaddy_Times