သန်လျင်မှာစစ်ကောင်စီ ရေတပ်နဲ့ကြည်းတပ် အချင်း ချင်းပစ်ခတ်မှုဖြစ်ပွားပြီး ၈ ဦးသေဆုံးကာ ပစ်ခတ်သူ ၂ ဦး ထွက်ပြေးနေ
စနိုး/ဧရာဝတီတိုင်းမ်
(သန်လျင်)၊ စက်တင်ဘာလ ၁ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့အခြေစိုက် သေနတ်ပစ်လေ့ကျင့်ရေးကွင်းတွင် သြဂုတ်လ ၃၁ ရက်နေ့ည ၁၁ နာရီဝန်း ကျင်အချိန်က အစောင့်တပ်သားနှစ်ဦးမှ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ပစ်ခတ်သတ်ဖြတ်၍ ထွက်ပြေးသွားကြောင်း သန်လျင်စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
သန်လျင်မြို့နယ် စစ်ပင်ကွင်းရွာအနီးရှိ သေနတ်ပစ်လေ့ကျင့်ရေးကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် သားများ သောက်စားနေရင်းမှ အချင်းချင်းစကားများရန်ဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်ည်။
အဆိုပါ သေနတ်ပစ်လေ့ကျင့်ရေးကွင်းတွင် စစ်ကောင်စီတပ်လက်အောက်ခံ သန်လျင်မြို့နယ် အခြေစိုက် ကြည်း တပ်နှင့် သန်လျင်ရေတပ်ဌာနချုပ်လက်အောက်ခံ ရေတပ်စစ်ကောင်စီတပ်သားများ ပူးပေါင်းလုံခြုံရေးယူထားခြင်းဖြစ်ပြီး အချင်းချင်းပစ်ခတ်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
“အဲ့ဒီမှာ တပ်စွဲတာက သန်လျင် ခလရ ၁၃၉၊ ၁၄၆ တပ်တွေရော BE တပ်တွေရော၊ သန်လျင်ရေတပ်ကရော တပ်ပေါင်းစုံစုပြီးတပ်စွဲထားတာ။ တတပ်ကိုဘယ်နှစ်ယောက်ဆိုပြီးခွဲတမ်းနဲ့တောင်းတာ။ ကြည်းတပ်က ၂ ယောက်ကပစ်သတ်ပြီး ထွက်ပြေးသွားတာလို့သိရတယ်။ ဘယ်တပ်တွေကလည်းတော့မသိဘူး။ သေတာများတာက ရေတပ်က။
မိသားစုဝင်တွေပါ ပါတယ်လို့လည်းသိရတယ်။ အသေးစိတ်တော့မသိဘူး။ အဲ့ဒီ ၂ ယောက်ကိုလိုက်ရှာနေတယ် “ဟု သန်လျင်ရေတပ်ပင်မလက်နက်ခဲယမ်းတပ် (ရပလ) တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ယနေ့နံနက်အစောပိုင်းအချိန်တွင် သန်လျင်မြို့ရှိ နေရာအနှံ့အပြားနှင့် ရန်ကုန်ဘက်သို့သွားမည့် တံတားဘက်ခြမ်းကို ပိတ်ဆို့၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“ကျွန်တော် မနက်ကအလုပ်သွားတာ လိုင်းကားတွေပါ စစ်တာ။ လူတွေကိုလည်း မှတ်ပုံတင်တွေပါ စစ်တယ်။ တချို့တွေကို ပြန်လှည့်ခိုင်းတာတွေရှိတယ်။ ကျွန်တော်စီး လာတဲ့ လိုင်းကားက ခုထိရပ်ထားရလို့ ကျွန်တော်အစစ်ခံပြီး တံတားပေါ်လမ်း လျှောက်ပြီး ဟိုဘက်ရောက်မှ ကားပြန်စီးရ မှာ”ဟု မျက်မြင်ကြုံတွေ့သူ တစ်ဦးက ပြော သည်။
ယခုလက်ရှိအချိနတွင် လမ်းမကြီးနှင့် လမ်းကြားများပါ စစ်ကောင်စီတပ်သားများ ကင်းလှည့်စစ်ဆေးလျက်ရှိပြီး သန်လျင်တံ တားကိုတော့ ပြန်လည်ဖွင့်ပေးလိုက်ပြီးဟု သိရှိရသည်။
ဓာတ်ပုံ – စစ်ကောင်စီရေတပ်စစ်သားများ(ပုံဟောင်း)။
#AyeyarwaddyTimes