
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးများဖြင့် ထပ်မံ၍ ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၁၇ ရက်၊ နံနက် ၉ နာရီခန့်တွင် မိုးကုတ်အရှေ့ပိုင်းကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပတ္တမြားငမောက်ရှေ့လမ်းပေါ်နှင့် အစိုးရဘဏ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
“ပတ္တမြားငမောက်ရှေ့လမ်းပေါ်တစ်လုံး၊ အစိုးရဘဏ်ထဲတစ်လုံး ကျတာ။ လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်မောင်းနေတဲ့လူတွေရော ထိတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လက်ရှိတွင် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား လေး ဦး သေဆုံးကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက် ည ၈ နာရီကျော်ခန့်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ကို စစ်ကော်မရှင်က လေကြောင်းမှ ပေါင် ၂၅၀ ဗုံးများကြဲချတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်သည်နှင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၁ ဦးအထိ သေဆုံးခဲ့သည်။
ပုံစာ-မိုးကုတ်အရှေ့ပိုင်း ဗုံးကျရောက်ပေါက်ကွဲစဉ်