
ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဩဂုတ် ၁၆ ရက်
မန္တလေးတိုင်း၊ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့၊ နံနက်အစောပိုင်းက အမျိုးသားဆောင် ဗုံးကြဲတိုက်ခိုက်ခံရပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦးသေဆုံးကာ ကျန်ရှိသူများမှာ ရိုက်နှက်စစ်ဆေးခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ(PPNM) က ထုတ်ပြန်ထားသည်။
ဒရုန်းဖြင့် ဒရော့ဗုံး သုံး လုံး ကြဲချတိုက်ခိုက်ခံရမှုတွင် နှစ်လုံးမှာ အမျိုးသားသား အဆောင် (၄) နှင့် (၆ ) သို့ကျရောက် ပေါက်ကွဲခဲ့ရာ နိုင်ငံရေးအကျဉ်းသား ခုနစ် ဦး နေရာတွင်ပင်သေဆုံးခဲ့ပြီး အခြားနိုင်ကျဉ်းများကိုလည်း ပါဝင်ပတ်သက် သည်ဟုစွပ်စွဲကာ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ် နေကြောင်း PPNM ထံမှ သိရသည်။
“ဗုံးကြဲမှုရဲ့နောက်ကွယ်မှာတော့စစ်တပ်လား၊ တော်လှန်ရေးတပ်တွေလားဆိုတာတော့ ကျွန်တော်တို့က ဘာမှတော့ အတည်မပြုနိုင်သေးပါဘူး။ အတည်ပြုဖို့ကလည်းစိန်ခေါ်မှုများစွာ ဖြစ်နေပါသေးတယ်။ ဘယ်အဖွဲ့ အစည်းကပဲကြဲသည်ဖြစ်စေ ကျွန်တော်တို့ကတော့ အကျဉ်းသားတွေကို ဦးတည်ကြဲချတဲ့ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်းကိုပြောလိုပါတယ်ခင်ဗျ” ဟု PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဗုံးကြဲခံရမှုနှင့်ပတ်သက်၍ စစ်ကော်မရှင်ဘက်မှ ငြင်းဆိုထားပြီး ဧရာဝတီတိုင်းမ်အနေဖြင့် အဆိုပါ ဖြစ်စဉ်အပေါ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် ဗုံးကြဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သည့်နိုင်ငံရေးအကျဉ်းသားများနှင့် စွပ်စွဲရိုက်နှက် ခံရသည့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေကို ဆက်လက်စုံစမ်းနေကြောင်း PPNM ထံမှ သိရသည်။
ထို့ပြင် စစ်ရေးပစ်မှတ် မဟုတ်သည့် အကျဉ်းထောင်များကို တိုက်ခိုက်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို ထိပါးလာခြင်းများကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် အနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်