ဆောင်းပါးရှင် – ကိုတာတေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၁၆ ရက်)

ဒီကနေ့ မြန်မာနိုင်ငံကြီးမှာ မိသားစုရှိတဲ့သူတိုင်းကို အလွန်ပဲ ရိုးရှင်းတဲ့ မေးခွန်းတစ်ခု မေးချင်ပါတယ်။ အဲ့ဒါက ကိုယ့်ရဲ့ ရင်နှင့်သည်းခြာ သားငယ်၊ သမီးငယ်တွေကို ကိုယ်တကယ်ပဲ ပိုင်ဆိုင်နေသလားဆိုတာပါ။ ကိုးလလွယ် ဆယ်လဖွားပြီးသကာလ လူလားမြောက်တဲ့ အချိန်၊ အရွယ်တစ်ခု ရောက်လာတဲ့အထိ ကိုယ့်ရဲ့ လက်နဲ့ ပြုစု၊ ယုယ၊ ပျိုးထောင်ထားတဲ့ သားသမီးရတနာတွေကို တကယ်တမ်းတော့ ပိုင်ဆိုင်မနေပါဘူး။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၁၀ ရက်ကတည်းက အမိန့်ကြေညာစာတစ်စောင် ထုတ်ပြန်ပြီး အတင်းအဓမ္မ သိမ်းပိုက်သွားခဲ့ပြီးပါပြီ။

အမိန့်ကြော်ငြစာအမှတ် (၂၇/၂၀၂၄)
“၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည် ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည် – ပုံ မင်းအောင်လှိုင်…” ။

ဒီ စာလေးတစ်စောင်တည်းနဲ့ နိုင်ငံတစ်ဝန်းက အဖေအို အမေအို၊ အဖေငယ် အမေငယ်တို့ရဲ့ ရင်နှင့်သည်းခြာ ကလေးငယ်တွေဟာ အကြမ်းဖက်စစ်တပ်ပိုင် ဖြစ်သွားပါတော့တယ်။ အမိန့်ကြော်ငြာစာ တစ်ခုတည်းနဲ့ ဖြစ်သွားတာပါ။

အခုဆိုရင် အကြမ်းဖက်စစ်တပ်က ဒီကြော်ငြာစာပါ ဥပဒေကို သုံးပြီး အမှတ်စဉ်တစ်ခုကို လူ ၅,၀၀၀ နှုန်းနဲ့ အဓမ္မ လူသစ်စုဆောင်း၊ စစ်သင်တန်းပေးခဲ့တာ အခုဆိုရင် အမှတ်စဉ် (၁၆) အထိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လအတွင်းက စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းသွားပြီးဖြစ်လို့ လူငယ်၊ လူရွယ် ၆၅,၀၀၀ ဟာ “ပုံ – မင်းအောင်လှိုင်” လို့ လက်မှတ်ထိုးထားတဲ့ စာတစ် စောင်တည်းကြောင့် အနာဂတ်မဲ့သွားရပါပြီ။

ကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်ဖို့ မိဘမောင်ဘွား၊ မိသားစုတွေက အနှစ်နှစ် အလလ အချိန်ပေး ပိုက်ထွေးတည် ဆောက်ထားပေးတဲ့ လူငယ်ပေါင်း ၆၅,၀၀၀ ဟာ မင်းအောင်လှိုင်အာဏာ တည်မြဲရေး သွေးခင်းလမ်းပေါ်မှာ အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ ပေးဆပ်ရပါတော့မယ်။

အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုက ဥပဒေတစ်ရပ် ရေးဆွဲတယ်၊ ပြဋ္ဌာန်းတယ် ကျင့်သုံးတယ်ဆိုတဲ့အခါမှာ ဦးတည်ချက် နှစ်ခုပဲ ရှိပါတယ်။ လူထုအကျိုးစီးပွားကို အကျိုးပြုမယ့် ဥပဒေ (People Benifiting Law) နဲ့ ဖိနှိပ်ထိန်းချုပ်ရေးယန္တရားအကျိုးပြုဥပဒေ (Authoritarian Law) ဆိုပြီးတော့ ပိုင်းခြားရမှာပါ။

ဥပမာအားဖြင့် လူထု အကျိုးပြုဥပဒေဆိုတာဟာ အများပြည်သူကျန်းမာရေးဝန်ဆောင်မှု၊ အလုပ်သမား အခွင့်အရေးစတဲ့ ဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးတာမျိုး ဖြစ်ပြီး ဖိနှိပ်ရေးယန္တရားအကျိုးပြု ဥပဒေတွေ ကတော့ စစ်အုပ်ချုပ်ရေးဥပဒေ၊ သတင်းမီဒီယာကန့်သတ်မှုဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးတာမျိုး ဖြစ်ပါတယ်။

အခု စစ်မှုထမ်းဥပဒေဆိုတာဟာလည်း လူထုအကျိုးစီးပွားထက် စစ်တပ်အကျိုးစီးပွားကိုသာ ဦးတည် ရေးဆွဲထားတဲ့ ဥပဒေပါ။ တချိန်က စစ်အာဏာရှင် ဗိုလ်သန်းရွှေက နောက်တက်မယ့် အကြမ်းဖက် စစ်ခေါင်းဆောင်တွေအတွက် ကြိုတင်ရေးဆွဲပေးခဲ့တဲ့ ဒီဥပဒေကို အခု အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က စာတစ်ကြောင်းရေး၊ လက်မှတ်ထိုး ထုတ်ပြီး အသက်သွင်းလို့ သူတို့ရဲ့ အသက်ခန္ဓာ၊ အာဏာအတွက် နိုင်ငံ့မိဘများပိုင် သားသမီးတွေကို စစ်မြေပြင်လွှတ် အသက်တွေ စတေးခိုင်းနေတာသာ ဖြစ်ပါတယ်။

ဒီကနေ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ မကြံစဖူး ကျဆုံးမှုတွေများမှာ ယက်ကန် ယက်ကန်နဲ့ အသက်ဆက်နေရတဲ့ အဆင့်ပါ။ နိုင်ငံပိုင် ယန္တရားတွေကို သုံးစွဲနိုင်တာ၊ စစ်အကျိုးစီးပွားတွေ ထူထောင်ပြီး စပ်ယှက် တောင့်ခံထားတာ၊ စစ်မှုထမ်းဥပဒေကနေ ရလာတဲ့ နိုင်ငံ့အနာဂတ် လူငယ့်အသက် တွေကို ရင်းခိုင်းပြီး လုံခြုံရေးစည်း ထိုးထားတာပါ။

စစ်တပ်ဟာ အမိန့်ပေးစနစ်နဲ့ သွားတယ်ဆိုပေမယ့် ဒီကနေ့ အကြမ်း ဖက်ဆစ်တပ် အပေါ်ပိုင်းက လာတဲ့ အမိန့်ပေးမှုတွေဟာ မင်းအောင်လှိုင်နဲ့ သူအနီးအပါးက စစ်ဗိုလ်ချုပ်တသိုက်ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ သပ်သပ်ချည်းပါပဲ။ သူတို့ ပါးစပ်က ထွက်လာတဲ့ နိုင်ငံတော်တို့၊ ပြည်သူဆိုတာတွေဟာ စကားလုံးသပ်သပ် သာ ဖြစ်ပါတယ်။ ဒီကနေ့ စစ်ကော်မရှင်ဖွဲ့၊ ရွေးကောက်ပွဲ လုပ်တာလည်း သူတို့အာဏာ သက် ဆိုးရှည် ရေးသာ ဖြစ်တယ်။ ဒီအတွက် စစ်မှုထမ်းဥပဒေနဲ့ အဓမ္မကျုံးသွင်းခံထားရတဲ့ လူငယ်တွေဟာ ရွေး ကောက်ပွဲ နယ်မြေ ချဲ့ထွင်ရေးအတွက် အသက်တွေ စတေးရပါဦးမယ်။ အခုထပ်ကို သေပေးကြရဦးမှာဖြစ်ပါတယ်။

ဒီကနေ့ လွတ်မြောက်နယ်မြေမှာကော၊ လွတ်မြောက်နယ်မြေ မဟုတ်တဲ့ ဒေသမှာရှိတဲ့ မိဘတွေရော ဖြေပေးကြပါ။ အနှစ်နှစ် အလလ ပိုးမွေးသလို မွေး၊ ပြုစုပျိုးထောင်ခဲ့တဲ့ ကိုယ့်ရဲ့ အမျိုးမှန် အဖိုးတန် သား၊ သမီး တွေကို စာတစ်ကြောင်း၊ လက်မှတ်တစ်ခုနဲ့ ထုတ်လိုက်ရုံနဲ့ သိမ်းပိုက်ခွင့် ပေးထားကြတော့မှာလား။ မင်းအောင်လှိုင် စစ်အုပ်စု အာဏာဆက်ရေးအတွက် သင်တို့ သားသမီး အနာဂတ်တွေကို မေ့ပစ်လိုက်ကြ တော့မှာလား။ ဒီလိုတော့ မဟုတ်နေဘူးဆိုတာ နားလည်ပါတယ်။

ကိုယ့်ရဲ့ သားသမီး အနာဂတ်တွေအတွက် မတရားတဲ့ ဥပဒေဘောင်အတွင်းကကော၊ တော်လှန်သော ဥပဒေဘောင် ပြင်ပကနေပါ ဒီအခြအနေဆိုးကို တွန်းလှန်ကြဖို့ လိုပါပြီ။ ကိုယ့်ရဲ့ သားသမီးတွေကို နိုင်ငံတော်တံဆိပ်ကပ် စစ်မှုထမ်းဥပဒေသုံးပြီး အသာတကြည် သိမ်းယူသွားတာကို ငြိမ်ခံနေကြတော့ မယ်ဆိုရင် မိဘရဲ့ တာဝန်၊ ဝတ္တရားကို လျစ်လျူ ရှုတဲ့ ပုံစံမျိုးသက်ရောက်ပါလိမ့်မယ်။ သားသမီးတွေ မပါသွားအောင် ငွေပေးနိုင်သူက ငွေပေးပြီး ဖြေရှင်းနေရုံနဲ့ ဒီအကြောင်းအရာက ပြီးပြတ်သွားမှာ မဟုတ်ပါဘူး။ ဖက်ဆစ်သန္ဓေပါတဲ့ အကြမ်းဖက်စစ်တပ် ရှိနေသရွေ့ သူတို့အာဏာ အသက်ဆက်ရေး အတွက် ဒီလိုမျိုး နိုင်ငံအနာဂတ် သားကောင်းတွေ၊ သင်တို့ရဲ့ သားသမီးတွေကို ချနင်းနေပါလိမ့်ဦးမယ်။

လွတ်မြောက်နယ်မြေရောက် နိုင်ငံလူထုဟာ ကိုယ့်နယ်မြေထဲအထိ ကိုယ့်သားသမီးကို ဥပဒေတစ်ခု အ ကြောင်းပြုပြီး လာရောက်သိမ်းယူသွားတာမျိုး မဖြစ်အောင် ခုခံဖို့ လိုသလို မလွတ်မြောက်နယ်မြေက သူတွေဟာလည်း သေနတ်ပြောင်းအောက် ရောက်နေသည့်တိုင် ဒီကိစ္စကို ငွေနဲ့ ဖြေရှင်းနေတာထက် စစ်အုပ်စုဟာ သူတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုပင်လျှင် ချိုးဖောက်ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းမှု၊ လာဘ်ယူမှု၊ အကျင့်ပျက်ခြ စားမှုတွေကို ဥပဒေဘောင်အတွင်းကနေ ဖွင့်ထုတ်၊ တော်လှန်ကြဖို့ လိုပါတယ်။ ဒါဟာ မိသားစုတိုင်းရဲ့ တာဝန်၊ မိဘတိုင်းရဲ့ တာဝန်တစ်ခုလို ဆိုချင်ပါတယ်။

ကိုယ်မွေးထုတ်ထားတဲ့ သားသမီးတွေရဲ့ အနာဂတ်ဟာ စစ်တပ်ပိုင် မဟုတ်ပါဘူး။ ဥပဒေတစ်ခု ထုတ်လိုက် ရုံနဲ့ စစ်တပ်ပိုင်သွားကြေးဆိုရင် စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကော စစ်တပ်အပိုင် ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ကြဖို့လိုပါတယ်။ ဒီလို မေးခွန်းထုတ်ကြတဲ့အခါမှာ ဟန်ပြသပ်သပ် သူတို့ သားသမီး စစ်တပ်ထဲ ထည့်ပြ၊ အသက်ဘေးနီးတဲ့ စစ်မြေပြင် မပို့ဘဲ ငွေကို စက်နဲ့ ထုတ်သလိုရမယ့် ဌာနတွေဆီသာ ပို့တဲ့ ကိစ္စတွေကအစ မေးခွန်းထုတ်ရပါမယ်။ ဖော်ထုတ်ဖို့ တိုက်ခိုက်တွန်းလှန်ကြဖို့ လိုပါမယ်။

နိုင်ငံ့မိဘများခင်ဗျာ၊ ကိုယ်မွေးထုတ်လိုက်တဲ့ ကိုယ့်ရဲ့ သားသမီးတွေဟာ မင်းအောင်လှိုင်နဲ့ စစ်တပ်အတွက် မွေးဖွားလာတာ မဟုတ်ပါဘူး။ ကလေးတွေရဲ့ အနာဂတ်ဟာ အုပ်ထိန်းသူနဲ့မိဘဖြစ်သူတွေရဲ့ လက်ထဲမှာသာ ရှိပါတယ်။ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့သားသမီးတွေကို သွေးခင်းလမ်းပေါ် အသက်စတေးခံရဖို့ တကယ်ပဲ ခွင့်ပြုတော့မှာလား။

စစ်မှုထမ်းဥပဒေဆိုတဲ့ အမည်ခံ ဖိနှိပ်ရေးယန္တရားကို ငွေနဲ့ ဖြေရှင်းရုံနဲ့ ဒီကိစ္စပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ စစ်အုပ်စု ရှိနေသရွေ့ သူတို့အာဏာတည်မြဲရေးအတွက် သားစဉ်မြေးဆက် အသက်တွေပေးဆပ် နေရဦး မှာပါ။ ငါတို့ သားသမီး ငါတို့ပိုင်တယ် ဆိုတဲ့အတိုင်း ဒီမေးခွန်းရဲ့အဖြေဟာ ကိုယ့်ရဲ့ လက်ထဲမှာသာ ရှိပါတယ်။

ဒါကြောင့်..ကိုယ့်သားသမီး အနာဂတ် လုံခြုံရေးအတွက် ဘယ်လို ဆုံးဖြတ်မလဲ လို့ မေးခွန်းထုတ်ရင်း အဆုံးသတ်ချင်ပါတယ်။