ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံကျေးရွာတွင် ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ အပြန်အလှန်စွပ်စွဲလျက်ရှိသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် မေလက ဖြစ်ပွားခဲ့ပြီး ယခုနှစ် ဩဂုတ်လမှသာ သတင်းများ ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထန်းရှောက်ရွာတွင် ရိုဟင်ဂျာ ၆၀၀ ကျော် အသတ်ခံရကာ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့မှုမှာ AA လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောကြားထားသည်ကို ယနေ့ ဩဂုတ် ၁၆ ရက်နေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင် AA သည် ဘူးသီးတောင်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို သိမ်းပိုက် ထားပြီးဖြစ်၍ စစ်ကော်မရှင်တပ်များနှင့် ရဲတပ်ဖွဲ့ဝင်များ အဆိုပါနေရာတွင် မရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့စွပ်စွဲထားသော်လည်း အဆိုပါ စွပ်စွဲချက်အပေါ် အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ငြင်းချက်ထုတ်ထားပြီး ထန်းရှောက်ကျေးရွာတွင် အသတ်ခံရသူများမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသာဖြစ်ပြီး ဒေသခံလူကြီး၊ ကလေး၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကို သတ်ဖြတ်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲကာလအတွင်း ထန်းရှောက်ခံကျေးရွာသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး လက်ရှိတွင် ကျေးရွာသစ်၌ ပြန်လည်နေရာချထားပေးခဲ့ကြောင်းလည်း ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုဟင်ဂျာအရေးဆောင်ရွက်သူ ရိုနေစန်းလွင်က “ထန်းရှောက်ခံ ကျေးရွာသားများကိုသတ်ပြီး ဓာတ်ဆီနှင့်မီးရှို့ကာ အလောင်းဖျောက်ရန် ကြိုးစားသည့် ရာဇဝတ်မှု အတွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိရမည်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဩဂုတ် ၃ ရက်နေ့က ရေးသားခဲ့သည်။

မြန်မာ့အရေးလေ့လာသူတစ်ဦးကမူ စစ်ကော်မရှင်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာ အရေးကိစ္စကို ၎င်းတို့လိုအပ်သည့်အချိန်တွင် ထုတ်သုံးလေ့ရှိကြောင်း ဧရာ၀တီတိုင်းမ်ကို သုံးသပ် ပြောကြားသည်။

ရိုဟင်ဂျာအကြမ်းဖက်သမားများက လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် စစ်တပ်နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် စစ်တပ်က စစ်ဆင်ရေးစတင်ခဲ့ရာ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။

ထိုစဉ်က ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ၎င်းတို့နေရပ် ပြန်ရေးအတွက် ယခုအချိန်ထိ နှစ်ရှည်လများ ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်နေရာအနီး။