
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ လိပ်ခမော်ရွာသစ်နှင့် လိပ်ခမော်ရွာဟောင်းတို့မှ အာရက္ခတပ်တော် (AA) တပ်များ ခေတ္တဆုတ်ခွာပေးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ဘန်ကာများ တည်ဆောက်၍ အခိုင်အမာစစ်ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်သည် ယမန်နေ့ ဩဂုတ် ၁၅ ရက်တွင် ကျောက်ဖြူရှိ ကျေးရွာများကို ပြန်လည် ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ခဲ့သော်လည်း မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
“AAက ဆုတ်ခွာပေးလိုက်၊ ပြန်စစ်ကြောင်းထိုးလိုက်နဲ့ စစ်တပ်ကို ပါးပါးလှီးနေတယ်မြင်ပါတယ်။ စစ်ရေးကတော့ အဆုတ်အတက်ရှိတယ်။ နည်းပညာကို အဓိကထားပြီးတိုက်နေကြတယ်။ ဒရုန်းတွေ အသုံးများတယ်။ စစ်တပ်က ကြည်း၊ ရေ၊ လေကနေထိုးစစ်ဆင်နေတယ်” ဟု စစ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်တပ်သည် ကြည်း၊ ရေ၊ လေ တပ်များဖြင့် ထိုးစစ်ဆင်နေပြီး တိုက်ပွဲဇုန်အတွင်းရှိ မလကျွန်း၊ ပြင်ရှည်၊ ကပ်သပြေ၊ ရှောက်ချောင်း၊ စည်မော်ကျေးရွာများကို ထိန်းချုပ်ထားပြီး စစ်ရေးအရ လမ်းကွဲကို ဦးတည်ထိုးစစ်ဆင်လာကြောင်း little rabbit ထံမှ သိရသည်။
စစ်ကော်မရှင်သည် ဓညဝတီရေတပ်ဌာနချုပ်အကြားရှိကျေးရွာများကိုဦးတည် ရှင်းလင်းရန် စစ်ကော်မရှင်က စစ်ကြောင်းထိုးနေပြီး ကြည်း၊ ရေ၊လေ အသုံးပြုလာခြင်းဖြစ်သည်။
OGT တရုတ်သဘာဝဓာတ်ငွေ့စက်ရုံအထိ နောက်ဆုတ်ပေးထားရသည့် စစ်ကော်မရှင်တပ်သည် ပြန်လည်အင်အားစုဖွဲ့ကာ စစ်ကြောင်းထိုးလာသည့်အတွက် AA တပ်များ နောက်ဆုတ်ပေးထား ရကြောင်း သိရသည်။
AAတပ်များ မေလအတွင်း သိမ်းပိုက်ထားသည့် ပျားတဲ၊ မင်းတပ်တောင်၊ ရှောက်ချောင်း၊ လိပ်ခမော် ရွာများကို စစ်ကော်မရှင်က ဦးတည် စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ ပြင်းထန် လျက်ရှိသည်။
ဓာတ်ပုံ-စစ်တပ်လော်ဘီတယ်လီဂရမ်
ပုံစာ-လိပ်ခမော်ရွာဟောင်းတွင် တွေ့ရသည့် စစ်ကော်မရှင်တပ်။