ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်းအများစုအား တပ်ပြောင်း များဖြင့် အစားထိုးခန့်အပ်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ရဲမှူးကြီး ကျော်ထွန်းကို ဧရာဝတီတိုင်း အတွင်း တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် မတ်လပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

“ သူက ကချင်ပြည်နယ်ဘက်က ပြောင်းလာတာ အရမ်းဆိုးတယ်။ သင်္ကြန်ပြီးမှ သူရောက်လာတာ ထင်တယ်။ တပ်ပြောင်းတွေက ဆိုးတဲ့သူများတယ်။ခုဆို ရဲထဲ လူကြီးတော်တော်များများက တပ်ပြောင်း တွေ ဖြစ်သွားပြီ” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုင်းရဲတပ်ဖွဲ့မှူးအား တပ်ပြောင်း ရဲအရာကြီးနှင့်အစားထိုးခဲ့သည့်အပြင် ဒုတိုင်းရဲတပ်ဖွဲ့မှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူး၏ တတိယရာထူးအကြီးဆုံး(ဦး/ရေး/ထောက်)ကိုပါ တပ်ပြောင်းအရာရှိများနှင့် အစားထိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ဤအပြောင်းအလဲများသည် ဧရာဝတီတိုင်းတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက်ပိုင်း တိုက်ပွဲ အတွေ့အ ကြုံ ဗျူဟာကြွယ်ဝသည့် စစ်တပ်ကပြောင်းလာသည့် စစ်တပ်အရာရှိများနှင့် အစားထိုး ခန့်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့တွင် သုံးသပ်ပြောဆိုမှုများရှိသည်။

ဧရာဝတီတိုင်းရဲတပ်ဖွဲ့၏ တိုင်းရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးကြီး တင့်ဇော်ထွန်းကိုမူ လူမှုရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းထံမှ သိရသည်။

ပုံစာ-ဧရာ၀တီတိုင်း တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွန်း နှင့် ရဲတပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ။