နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

စစ်အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့စစ်ရေးအရ ထိန်းချုပ်နိုင်ခြင်းမရှိသည့် စစ်ရှုံးဒေသများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပြီး ယခု မဲပေးစနစ်များကို ယခင်ကထက် ရှုပ်ထွေးအောင် ပြောင်းလဲထားကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

ယခုနှစ်ကုန် ဒီဇင်ဘာတွင် စတင်ကျင်းပရန် ပုံဖော်ပြင်ဆင်နေသော ရွေးကောက်ပွဲအတွက် မဲဆန္ဒ နယ်မြေများကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်တွင် ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ကိုကျင့်သုံးမည်ဖြစ်ပြီး၊ အမျိုးသားနှင့် ပြည်နယ်လွှတ်တော်များအတွက်မူ FPTP နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ရောနှောကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဤမဲပေးစနစ်သည် နိုင်ငံရေးပါတီများနှင့် ပြည်သူများအတွက် နားလည်ရန်ခက်ခဲပြီး ရှုပ်ထွေးမှုများ ဖြစ်စေနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် နိုင်ငံ၏ သုံးပုံတစ်ပုံခန့်ကိုသာ ထိန်းချုပ်နိုင်ပြီး ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းမြောက်နှင့် ကရင်ပြည်နယ်တို့ရှိ စစ်ရေးပြင်းထန်သည့် ဒေသများတွင်လည်း စစ်ရှုံးမှုများ ကြုံတွေ့နေရသော်လည်း ထိုသို့သော အခြေအနေမျိုးတွင်ပင် အဆိုပါဒေသများ၌ ရွေးကောက်ပွဲ ကျင်းပသွားရန် စစ်ကော်မရှင်က စီစဉ်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EAOs) များအပါအဝင် တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် စိုးမိုး နယ်မြေများတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုထားသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကြေညာချက်သည် လက်ရှိအာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်နှင့် နိုင်ငံရေးအရ ထွက်ပေါက်ရှာဖွေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်မှုများရှိသလို ပြည်သူအများစုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ဓာတ်ပုံ – MOI