
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် AAတို့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကော်မရှင်ဘက်က သေဆုံးဒဏ်ရာရသူများရှိကြောင်း သိရသည်။
စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာအဝေးတွင် အာရက္ခတပ်တော် တပ်ဖွဲ့များရှိရာသို့ စစ်ကော်မရှင်၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ဩဂုတ်လ ၁၄ ရက်၊ နေ့လယ် (၂) နာရီ (၅၄) မိနစ်အချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ကထုတ်ပြန်သည်။
မိနစ် (၃၀) ခန့်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်၏ အလောင်း (၂၀) ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေး နှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော သူများကို အာရက္ခတပ်တော်မှ လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည် ဟု AAကပြောသည်။
အာရက္ခတပ်တော်အနေဖြင့် မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အထမြောက်စေရန်အတွက် ရန်သူနှင့်ရင်ဆိုင်ထားသောနေရာများ၌ ရပ်တန့်ခြင်း မရှိသေးသည့် တိုက်ပွဲများနှင့်အတူ အပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများ၊ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက် ရန်သူ့ထိုးစစ်များကို ခုခံဆင်နွှဲလျက်ရှိသော နေရာများ ဖြစ်ကြသည့် ရက္ခိုင်-မကွေးတိုင်းအစပ်၊ ရက္ခိုင် ပဲခူးတိုင်းအစပ်၊ ရက္ခိုင်- ဧရာဝတီတိုင်း အစပ်များနှင့် အာရက္ခတပ်တော် လှုပ်ရှားအခြေပြုရာ အခြားသောနေရာများ၌ ရှုံးနိမ့်နေသော စစ်ရှုံးဖက်ဆစ်စစ်ကောင်စီတပ်ဖွဲ့များနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများမှာ တစ်နှစ် နှင့် ကိုးလကျော်ကြာသည့်တိုင် ရပ်တန့်ခြင်းမရှိသေးဘဲ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများမှတစ်ဆင့် AA၏ စစ်ရေးရည်မှန်းချက်များ အပြည့်အဝ အကောင်အထည်ဖော် တိုက်ပွဲများသည် အထက်ဖော်ပြပါနေရာများ၌ နေ့တိုင်း (သို့မဟုတ်) မကြာခဏ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။