
ဧရာဝတီတိုင်းမ်
(ရေး)၊ ဩဂုတ် ၁၅ ရက်
မွန်ပြည်နယ်၊ ရေရေး-သံဖြူဇရပ်-မော်လမြိုင် အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက လမ်းလမ်းလုံခြုံ ရေးအတွက် စစ်ဆေးရေးဆောင်ရွက်စဉ် ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့က Non-CDM ပညာရေးဝန်ထမ်း လေး ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
အဆိုပါ Non-CDM ပညာရေးဝန်ထမ်း လေး ဦးမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတွက် သင်တန်းတက်ရန်သွားစဉ် ရေး-သံဖြူဇရပ်လမ်းပိုင်းတစ်နေရာတွင် လမ်းလုံခြုံရေးစစ်ဆေးနေသည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF) တပ်ဖွဲ့တို့မှ စစ်ဆေး တွေ့ရှိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသူ လေး ဦးမှာ ရေးမြို့နယ်မှဖြစ်ပြီး ၎င်းတို့ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး သီးသန့် မှတ်ချက် ပေးလိုခြင်းမရှိကြောင်းကို MSRF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးရမိသည့် Non-CDM ပညာရေးဝန်ထမ်း လေး ဦးကို တာဝန်ရှိသူများက ၂၄ နာရီထိန်းသိမ်း ထားကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် စစ်ကော်မရှင်မှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ပတ်သက်ခြင်းမပြုရန် ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ဩဂုတ် ၁၅ ရက်နေ့တွင် မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရေးမြို့နယ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ကာ တာဝန်ထမ်းဆောင်ကြမည့် Non-CDM ဝန်ထမ်းများ၏ နာမည်စာရင်းများကို တော်လှန်ရေးအဖွဲ့များမှ ရရှိထားပြီးဖြစ်ကြောင်းလည်း MSRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – MSRF