နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တရုတ်နိုင်ငံက ထောက်ခံသည်ဟူသော ထုတ်ပြန်ချက်သည် တရုတ်သံရုံး၏ မူရင်းထုတ်ပြန်ချက်နှင့် သိသိသာသာ ကွဲလွဲနေကြောင်း တွေ့ရှိရသည်။

အာဏာသိမ်းပြီးနောက် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တရုတ်အစိုးရအနေဖြင့် ထောက်ခံအားပေးသည်ဟု ပြောဆိုခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ပေးရန်သာ ပြောဆိုခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုအပြီးတွင် စစ်ကော်မရှင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၎င်းတို့၏ ရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကို ထောက်ခံအားပေးကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ဖော်ပြခဲ့သည်။

သို့သော် တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရမူ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တိုက်ရိုက်ထောက်ခံကြောင်း ဖော်ပြထားခြင်းမရှိပေ။

တရုတ်က “မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီ၍ ပြည်သူလူထု ထောက်ခံမှုရရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာ၌ မြန်မာနိုင်ငံကို ထောက်ခံသည်” ဟု ယေဘုယျသဘောဖြင့်သာ ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်ရေးနှင့် နိုင်ငံတော် စည်းလုံးညီညွတ်ရေးအပြင် မြန်မာ့ပြည်တွင်း နိုင်ငံရေးအစီအစဉ်များကို တည်ငြိမ်စွာ အကောင်အထည် ဖော်ခြင်းအား ထောက်ခံ၍ တတ်စွမ်းသမျှထောက်ပံ့ကူညီမှုများကို အစဉ်အမြဲပေးအပ်မည်ဟု ဆိုသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်အလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံးချမှတ်သင့်ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးဒဏ်ခံစားရသည့် ပြည်သူများ ပုံမှန်ထုတ်လုပ်မှုနှင့် နေထိုင်မှုဘဝများကို အမြန်ဆုံးပြန်လည်ရရှိစေရန် ကူညီသင့်ကြောင်း တရုတ် သံရုံးက ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးအား ကာကွယ်စောင့်ရှောက်ပေးရန် မျှော်လင့်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများကို နောက်ထပ်တစ်ဆင့် တိုက်ဖျက်ကာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်း ရေးကို ထိန်းသိမ်းသင့်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက ဆိုသည်။

အဆိုပါတရုတ်သံရုံး၏ ထုတ်ပြန်‌ဖော်ပြချက်အရ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံသည် နိုင်ငံ တော်အရေးပေါ်အခြေအနေကို ရပ်စဲထားပြီးဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အပြု သဘောဆောင်စွာ ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။

ထို့အပြင် စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေက ၎င်းတို့၏ ရွေးကောက်ပွဲကိုလည်း အေးချမ်းစွာ၊ တည်ငြိမ်စွာ၊ ချောမွေ့စွာနှင့် ယုံကြည်စိတ်ချရစွာ ကျင်းပရန် အားထုတ်သွားမည်ဖြစ်ပြီး ရွေးကောက် ပွဲအား လေ့လာစောင့်ကြည့်ရန် တရုတ်အဖွဲ့ကို ဖိတ်ကြားလိုသည်ဟုသာ ပြောကြားခဲ့ ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေပြီး ၎င်းတို့စစ်ရှုံး လက်လွှတ်ထားရသည့် မြို့နယ်များကို စစ်ရေးအရှိန်မြှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက် နေသလို တစ်ဖက်တွင်လည်း တရုတ်၊ ရုရှား၊ ဘီလာရုဇ်နှင့် အိန္ဒိယနိုင်ငံတို့မှ အကူအညီများ အဓိက ရယူလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – MOI နှင့် တရုတ်သံရုံး