
မြို့ဟောင်း တူးဖော်ရေးကို CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် NLD လွှတ်တော် အမတ်ဟောင်း ဒေါက်တာ မြသောင်းတို့က စစ်ခေါင်းဆောင်ထက် ပိုမိုဆန္ဒပြင်းပြနေဟုဒေသခံများဆို
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တောင်ငူမြို့ဟောင်း တူးဖော်ရေး စတင်ရန် စီစဉ်နေပြီး နန်းတော်ရာနှင့် မြို့ရိုး၊ ကျုံးများကို မြို့၏မြောက်ဘက်မြို့ရိုးမှ စတင်တူးဖော်နေပြီဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
တောင်ငူမြို့ဟောင်း၊ နန်းတော်ရာနှင့် မြို့ရိုးများကို ပြန်လည်တူးဖော်ခြင်းကြောင့် ဒေသခံများအနေဖြင့် နှစ်ပေါင်းများစွာ နေသားကျနေသော ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုးနှင့် လူနေအိမ်များ ရွှေ့ပြောင်းရမည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ် ကြောင်း သိရသည်။
တောင်ငူမြို့ဟောင်းတူးဖော်ရေးကို CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် NLD အမျိုးသားလွှတ်တော် အမတ်ဟောင်း ဒေါက်တာမြသောင်းတို့သည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် ပိုမိုဆန္ဒပြင်းပြခဲ့သူများဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
တောင်ငူသမိုင်းနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်ရေးသားနေသူ NLD အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါက်တာမြသောင်းသည် တောင်ငူမြို့ဟောင်း တူးဖော်ရေးကိုသာ လွှတ်တော်တွင် အစဉ်တစိုက်တင်ပြခဲ့သူဖြစ်ကြောင်း သိရသည်။
“လွှတ်တော်တက်လာတိုင်း ကြယ်ပွင့်ပြမေးခွန်းမေးတိုင်း တောင်ငူမြို့ဟောင်း ပြန်လည်တူးဖော်ရေး အစီအစဉ်ရှိမရှိ ဒါပဲ မေးတယ်။ သူတင်ပြတဲ့ ရှေးဟောင်းပြန်လည်ဖော်ထုတ်တူးဖော်ရေးက ကျပ်သိန်းပေါင်းသောင်းဂဏန်းအထိ အသုံးပြုရတာမို့ တခြားလိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ မကြာခဏ ပယ်ချခဲ့ရတယ်” ဟု အဆိုပါလွှတ်တော်အမတ်ဟောင်းနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒေါက်တာမြသောင်းသည် တောင်ငူ ယိုးဒယားပေါက်ကို ဖော်ထုတ်ခဲ့ပြီး စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ စာသင်ကျောင်း များနှင့် လူနေအိမ်များ ရွှေ့ပြောင်းရမည်ဖြစ်၍ တောင်ငူသားမြို့ခံများအနေဖြင့် စိတ်ထိခိုက်လျက်ရှိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက တောင်ငူရှိ ရှေးဟောင်းစေတီပုထိုးများကို ထီးတင်ခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်းများ ဆောင်ရွက်ခဲ့သူဖြစ်ပြီး “တောင်ငူ မြို့တည် နန်းတည်” ပွဲတော်များလည်း ကျင်းပခဲ့သူဖြစ်သည်။
၎င်းသည် တောင်ငူမြို့ လေးကျွန်းကန်တော်ကြီးအား ၂၀၁၀ ခုနှစ်မှ စတင်၍ နှစ် ၇၀ စာချုပ်ဖြင့် အစိုးရဌာနထံမှ ရယူပြီး ကန်တော်ကြီး၏ အနောက်ဘက်တွင် Royal ကေတုမတီ ဟိုတယ်ကို တည်ဆောက်၍ အပိုင်ထိန်းသိမ်းထားကြောင်း မြို့ခံများထံမှ သိရသည်။
အေဒီ ၁၄၈၅ မှ ၁၅၃၁ အထိ မင်းကြီးညိုတည်ထောင်ခဲ့သော တောင်ငူမြို့ဟောင်း နန်းတော်ရာနှင့် မြို့ရိုးအချို့သည် လူနေ ရပ်ကွက်များဖြင့် ဖုံးလွှမ်းနေပြီးဖြစ်၍ ပြန်လည်တူးဖော်သည့်အခါ ကောင်းကျိုးထက် ဆိုးကျိုးများ ပိုများနိုင်ကြောင်း တောင် ငူမြို့ခံများက ပြောဆိုလျက်ရှိသည်။
ပုံစာ-တောင်ငူမြို့ဟောင်းတူးဖော်နေမှုမြင်ကွင်း၊ CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး ၊ NLD လွှတ်တော် အမတ်ဟောင်း ဒေါက်တာ မြသောင်း