ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ကိုယ်ဝန်သည်နှင့် ကလေးငယ်အပါအဝင် ပြည်သူ ၂၁ ဦးထိသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က မိုးကုတ်အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင် ခြည်ဘုန်းကြီးကျောင်းဝန်းကျင်ကို ပေါင် ၂၅၀ ဗုံးများဖြင့် ဗုံးကြဲချခဲ့ရာ အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပါ ထိခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့ည ၈ နာရီခွဲလောက်မှာ စစ်တပ်က မိုးကုတ်မြို့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းမှာတစ်လုံး အဲဒီအနီးက နေအိမ် သုံးအိမ်အလယ်တည့်တည့်ကိုတစ်လုံး ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့လာကြဲတယ်။ နေအိမ် သုံး အိမ် မွစာကြဲသွားတယ်။ သုံးအိမ်ကလုံးက မိသားစုတွေအကုန်သေကြတယ်။ လေးယောက်က အသားတစ်စစီဖြစ်သွားလို့ ကျားလား မ,လားဆိုတာတောင်ခွဲမရဘူး။ ကိုရင်လေးတွေလည်း ပါတယ်”ဟု မိုးကုတ်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ဗုံးကြဲချမှုကြောင့် ရွှေကူရပ်ကွက်ရှိ ပြည်သူ ရှစ် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ခုနစ် ဦးရှိကြောင်းနှင့် နေအိမ် ခုနစ် လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

“ညအချိန်ထိ အလောင် ၉ လောင်းဖော်ထုတ်နိုင်ခဲ့ပြီး နေအိမ်ပြိုကျပိနေတဲ့အတွက် အလောင်းတွေ ဆက်ထုတ်ဖို့ခက်လို့ ဒီမနက်သွားဖော်ထုတ်ကြတဲ့အချိန် နောက်ထပ် ပေါက်ပြဲကြေမွနေတဲ့အလောင်း ၇ လောင်းထပ်တွေ့ရတယ်။ မနက် ၁၁ ခွဲအထိ ဒေသခံလူသေအလောင်း ၂၁ လောင်းရှိပါတယ်”ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ဩဂုတ် ၁၄ ရက်နေ့ ညပိုင်းအချိန်တွင်ပင် နမ့်ခမ်းမြို့နယ်အနီးရှိ မန့်ဝိန်းကြီး၊ ကောင်းခန်နှင့် ဟိုတုံရွာတို့ကိုလည်း လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့ကလည်း မိုးကုတ်အရှေ့ပိုင်းကို စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်အပါအဝင် ပြည်သူ လေး ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ-ပေးပို့