
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ရွှေကျင်၊ သပြေကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေအဆမတန်တောင်းယူ နေကြောင်း ဒေသခံများထံမှသိရသည်။
ရဲပြုတ်ဟု လူသိများသည့် သပြေကုန်းအုပ်စုရှိ စစ်ကော်မရှင်လက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထက်သည် ရွှေနဂါးဝင်းကြီးနှင့်ပူးပေါင်းကာ ယခုလို ပြည်သူ့စစ်မှုထမ်း အကြောင်းပြ ငွေတောင်းယူနေခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ပြည်သူ့စစ်မှုထမ်းအကျုံးဝင်သည့်လူငယ်တစ်ဦးလျှင် ပထမ အကြိမ် ၂၀,ဝဝဝ ကျပ်၊ ဒုတိယအကြိမ် ၃၅,၀၀၀ကျပ်၊ တတိယအကြိမ် ၆၅,၀၀၀ကျပ်၊ စတုတ္ထအကြိမ် ၂၀ဝ,ဝဝဝကျပ်၊ ယခုအခါ ၂၅၀,၀၀၀ကျပ်အထိ တဖြေးဖြေး တိုးမြှင့်တောင်းယူလာကြောင်း ဒေသခံများက ပြောကြားသည်။
“သူက ရဲပြုတ်ပီးနောက်ပိုင်း အုပ်ကြီးဖြစ်လာတာ၊ ပထမပိုင်းငွေနည်းတယ်။ အခုကျတော့ ငွေကို တဖြေးဖြေး တိုးမြှင့်ပြီးတောင်းလာတယ်။ တစ်ခြားရာအိမ်မှူးတွေကလည်း ရပ်ကွက်အလိုက် ငွေတောင်းတယ်။ လူငယ်တွေကို ဖမ်းဆီးတာလည်းလုပ်ကြတယ်”ဟု သပြေကုန်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သပြေကုန်းကျေးရွာ အမှတ် (၅) ရပ်ကွက်ရှိ ရာအိမ်မှူး ဦးစိုးမိုးဋ္ဌေးသည် ရပ်ကွက်အတွင်း လူငယ်များကို ပြည်သူ့စစ်မှုထမ်းအတွက် ဖမ်းဆီးကာ သိန်းရာချီ၍ ရောင်းစားနေကြောင်း ဒေသခံများကဆိုသည်။
ထို့ပြင် မြန်အောင်မြို့နယ်၊ အင်းကွယ်ကျေးရွာမှ ရာအိမ်မှူး ဦးဇော်ထွန်းကလည်း ပြည်သူ့စစ်မှုထမ်း အကျုံးဝင်ကြောင်း စာရင်းရှိ လူငယ် ၆၂ ဦးဆီမှ တစ်ဦးလျှင် ၂ဝဝ,ဝဝဝ ကျပ် အတင်းဖိအားပေး တောင်းခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆ ခုရှိပြီး စစ်ကော်မရှင်က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး အများစုသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ယခင်ကထက် ပိုမိုငွေတောင်းယူလာကြပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဧရာ ဝတီတိုင်းအတွင်းရှိ ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-သပြေကုန်းအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းထက်( ရဲပြုတ်)