
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
မန္တလေးနှင့် စစ်ကိုင်းမြို့တို့ကို အခြေပြု၍ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် ကဏ္ဍပေါင်းစုံတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃,၈၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်သည်။
နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် အခြေခံအဆောက်အအုံများနှင့် ပုဂ္ဂလိက ကဏ္ဍများ ပျက်စီးဆုံးရှုံးခဲ့မှု စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ ၇၉၇၉ ရှိခဲ့ပြီး မန္တလေးတိုင်းတွင် အများဆုံးဖြစ်ကာ ဒုတိယအနေဖြင့် နေပြည်တော်၊ တတိ ယအနေဖြင့် စစ်ကိုင်းတိုင်းတို့မှ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၃ ရက်နေ့အထိ စာရင်းများအရ အင်အားပြင်းထန်သည့် ငလျင်ဒဏ်ခံရသော တိုင်းနှင့်ပြည်နယ် ခြောက် ခုတွင် သေဆုံးသူ ၃,၇၇၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၅ ဦး ရှိခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ပြီး လေးလကြာမြင့်ပြီးဖြစ်သောလည်း ယမန်နေ့ ဩဂုတ် ၁၃ ရက်နေ့က မန္တလေးမြို့ရှိ Sky Villa ကွန်ဒို၊ အဆောက်အအုံ A (၃) လွှာ၊ အခန်း E3 မှ အမျိုးသားတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ငလျင်ဘေးဒဏ်ခံရသူများသည် စေတနာရှင်များ၏ ကူညီမှုနှင့်အတူ ကိုယ်ထူကိုယ်ထ အိမ်ပြုပြင်ခြင်း၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ယူခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း မန္တလေးဒေသခံအချို့ထံမှ သိရသည်။
“အိမ်ထောင်စုတွေ စုနေဖို့ အိမ်ဆောက်ပေးတာတွေရှိတယ်။ လူတချို့ နေနေကြပြီ။ စီးပွားရေးပြန်စဖို့ လိုသေးတယ်။ ဒီလိုပဲ နေနေကြတဲ့သူတွေ များတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မကြာမီရက်ပိုင်းအတွင်းက စစ်ကိုင်းမြို့မှ မိုဘိုင်းလ်ဖုန်းဆိုင်တစ်ခုမှ ငလျင်လှုပ်ခတ်မှု CCTV မှတ်တမ်းအား လူမှုကွန်ရက်တွင် တင်ခဲ့ပြီးနောက် ငလျင်၏ နောက်ဆက်တွဲအဖြစ် စိတ်ဒဏ်ရာများ ကျန်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ရစ်တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်ကြီး နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် ဆက်တွဲငလျင်အကြိမ် ၂၀၀ ခန့် လှုပ်ထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ – MDF , ဧရာဝတီတိုင်းမ်