
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ လူသစ်စုဆောင်းခံရသည့် အမျိုးသမီးများကို စစ်ကော်မရှင်က စစ်သင်တန်းပေးနေပြီဖြစ်ကြောင်း သိရသည်။
အမျိုးသမီးစစ်မှုထမ်းများကို မှော်ဘီမြို့ရှိ အမှတ် (၄) အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း (ရကသ ၄) တွင် သင်တန်း ပေးနေခြင်းဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိစေရန် တင်းတင်းကျပ်ကျပ် ထားရှိ ဆောင်ရွက်နေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။
စစ်ကော်မရှင်သည် အမျိုးသမီးစစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ဖွင့်လှစ်သင်တန်းပေးနေသည်မှာ ၂ လနီးပါး ရှိနေပြီဖြစ်ကြောင်း MDSI က ဖော်ပြထားသည်။
“သန်လျင်နဲ့ သာကေတက အမျိုးသမီးအများစု စာရင်းကောက်ယူတဲ့အထဲ ပါဝင်ခဲ့တယ်။ သာကေတ မြို့နယ်ထဲကဆို ရပ်ကွက်ရုံးမှာ စာကပ်ထားမှ စစ်မှုထမ်းစာရင်းထဲ ပါမှန်းသိတဲ့အထိ အခြေအနေ ဆိုးတယ်။ ခုနောက်ပိုင်း အမျိုးသားတွေပဲ အဓိကခေါ်နေတယ်။ အမှတ်စဉ် (၁) ပြီးရင်တော့ အမျိုးသမီး တွေကို ပြန်ခေါ်မလား မသိသေးဘူး” ဟု သာကေတမြို့နယ်တွင်နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်တပ်သည် အမျိုးသမီးစစ်မှုထမ်းများအတွက် နိုင်ငံအနှံ့ရှိ အမျိုးသမီးငယ်များကို စစ်ဆေးဖမ်းဆီးခြင်း၊ မြို့ရွာရပ်ကွက်အလိုက် စာရင်းကောက်ခံခေါ်ယူခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း MDSI က ဆိုသည်။ စစ်မှုထမ်းဥပဒေဖြင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အမျိုးသမီးငယ်များကို အသက်ကန့်သတ်ခေါ်ယူနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် သန်လျင်နှင့် သာကေတမြို့နယ်များမှ အမျိုးသမီးများမှာ အဓိကစာရင်းကောက်ယူခြင်း ခံခဲ့ရပြီး သာကေတမြို့နယ်တွင် စာရင်းကောက်ယူရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုပါ စာရင်း ကောက်ယူသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။