ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

စစ်ဆင်ရေး တိုးချဲ့ကာ ဂါဇာကမ်းမြောင်တစ်ခုလုံး သိမ်းပိုက်မယ့် အစ္စရေးရဲ့ အစီအစဉ်တွေကို ရုရှားက ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအတွက် အပျက်သဘော အကျိုးဆက်တွေ ရှိ လာမယ်လို့ သတိ ပေးလိုက်ပါတယ်။

“အစ္စရေးက ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရင် အလွန်အမင်း အန္တရာယ်များပြီး အခြေအ နေ ဆိုးရွားစေကာ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းဒေသနှစ်ခုလုံးအတွက် အပျက်သဘော အကျိုးဆက် တွေ ရှိလာပါမယ်” လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ အလက်ဇီဖာဒီယက်ဗ် က ပြောပါတယ်။

တိုင်းပြည်အချို့ရဲ့ ကြားဝင်ဖျန်ဖြေဖို့ ကြိုးပမ်းမှုတွေရှိလင့်ကစား ဟားမာစ်အဖွဲ့နဲ့ အစ္စရေးကြား တစ်ဆင့်ခံ ထိတွေ့ဆက်ဆံမှုတွေက လက်ဆုပ်လက်ကိုင်ရလဒ်တွေ မရရှိခဲ့ဘူးလို့ ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ အရေးပေါ် ဉီးစားပေးမှုက ဂါဇာဒေသ အလုံးစုံ ဖျက်ဆီးခံရမှုကို ဟန့်တားဖို့နဲ့ အရပ်သားတွေ သေကျေပျက်စီးမှု တိုးလာတာကို ရှောင်ရှားဖို့ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ အောင် မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး သဘောတူဖို့ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အစ္စရေးစစ်တပ်က အယ်လ်ဂျာဇီးယားမှ သတင်းထောက်ကို ပစ်သတ်မှုဟာ သတင်းလွတ်လပ် ခွင့်အပေါ် တိုက်ခိုက်မှုအဖြစ် ရုရှားက ရှုမြင်တယ်လို့ အလက်ဇီဖာဒီယက်ဗ် ပြောပါတယ်။

မီဒီယာသမားတွေ သတ်ဖြတ်ခံရမှုမှာ ယနေ့ခေတ်ရဲ့ ပကတိအရှိတရား ဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ပါလက်စတိုင်းဒေသမှာ သတင်းထောက် ၂၄၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ် လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအတ်ဗ်ဂဲလန့်တို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က နိုဝင်ဘာလအတွင်း ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Russia slams Israel’s plans to occupy Gaza, warning of consequences for Middle East region