
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်ရပ်ကွက်အချို့အထိ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဩဂုတ် ၁၄ ရက်နေ့အထိ ကျောက်ဖြူမြို့နယ်ရှိ ဂုံးချွိန်တိုက်နယ်၊ မလကျွန်းနှင့် ပြိုင်စေ့ကေကြား၊ သစ်ပုတ်တောင်တိုက်နယ်၊ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကပ်သပြေနှင့် ကုလာဘာကျေးရွာတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
“ဓညဝတီရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေတယ်။ စစ်တပ်က ဒရုန်းတွေရော အင်အား အလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးနေပါတယ်” ဟု စစ်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်တပ်ဖွဲ့များသည် ဇွန်လအတွင်းက ဆုတ်ခွာခဲ့ရသော စစ်စခန်းနေရာများကို ပြန်လည် ရယူရန် မြေပြင်စစ်ကြောင်းများဖြင့် စစ်ကြောင်းထိုးတက်လာခဲ့ခြင်းကြောင့် AA နှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်ဘက်မှ စစ်ကြောင်းထိုးမှုအပြင် ပင်လယ်ပြင်တွင် လှည့်ပတ်နေသည့် စစ်သင်္ဘောများ၊ ရဲတပ်ရင်း ၃၂ နှင့် ဓညဝတီရေတပ်ဌာနချုပ်တို့မှပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိသည်။ ထိုသို့ပစ်ခတ်မှုများကြောင့် ကျောက်ဖြူမြို့တွင်းရှိ ဗာရာဏသီဟိုတယ်ရှေ့နှင့် ကျောက်ဖြူသင်္ချိုင်းကုန်း နေရာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အသေးစိတ်ကိုမူ သိရှိရခြင်းမရှိပေ။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)