
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
လာမည့် ၂၄ နာရီအတွင်း အားကောင်းလာမည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် များတွင် ထပ်မံမိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဆက်စပ်နေသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း ကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိလာနိုင်သည်ဟု မိုးဇလက ယနေ့ ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ယနေ့ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနေထိုင်သူများနှင့် မြစ်ကမ်းဘေးနေထိုင် သူများ အနေဖြင့် သတိပြုနေထိုင်ရန် လိုအပ်ကြောင်း မိုးဇလက သတိပေးထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းကျရောက် ချိန်တွင် လှိုင်းကြီးနိုင်ပြီး တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ လေတိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ ရှိနိုင်ကြောင်း သိရသည်။
ယခုလအစောပိုင်းတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၌ မြေပြိုမှုကြောင့် လူဆယ်နှင့်ချီ သေဆုံးခဲ့ရပြီး၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင်လည်း တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဓာတ်ပုံ – မိုး/ဇလ