နိုငမင်းလွင် / ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

ယခင်စစ်အစိုးရက ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၁၁ ရက်အကြာတွင် ပြင်ဆင် ပြဋ္ဌာန်းလိုက်ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။

ယာယီသမ္မတတာဝန်ယူထားသော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သည် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

“ဒီဥပဒေ ပြင်ဆင်ပြဋ္ဌာန်းတာဟာ အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာမှာ ဆက်ဆံရေးနဲ့ သူ့ရဲ့ တရားဝင်မှု အတွက် နောက်ထပ်နည်းနာသစ်တစ်ခုကို ဖန်တီးတာပါ” ဟု ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့နှင့် သက်ဆိုင်သော ဥပဒေများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ကို ပြဋ္ဌာန်းခဲ့သည်။

ထိုစဉ်က မြန်မာနိုင်ငံ၏ နည်းပညာအခြေအနေများအရ Pantone specifications ဟုခေါ်သော ပုံနှိပ်အရောင်အဆင့် အတန်းသတ်မှတ်ချက်များကို အသေးစိတ်မပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့် ယခုအခါ ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက ဆိုသည်။

သို့သော် စစ်ခေါင်းဆောင်၏ ယခုပြင်ဆင်ပြဋ္ဌာန်းချက်သည် ၎င်းတို့ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာ ဇူလိုင် ၃၁ ရက်နေ့က ဖွဲ့စည်းခဲ့သော စစ်ကော်မရှင်၊ အုပ်ချုပ်ရေးအဖွဲ့သစ်၏ ခြေလှမ်းတစ်ခုဖြစ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

၎င်းတို့၏ အာဏာသိမ်းယူမှုကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရားဝင် အသိအမှတ်ပြုနိုင်ရန် ရည်ရွယ်ကြိုးပမ်းလာသော စစ်အစိုးရ၏ အာဏာတည်မြဲရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဖွဲ့စည်းအုပ်ချုပ်စဉ် ထုတ်ပြန်ခဲ့သည့် ဥပဒေများကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၉ အရ လက်မှတ်ရေးထိုးခဲ့သော်လည်း ယခုအခါ ပုဒ်မ ၄၂၇ အရဟု စစ်ခေါင်းဆောင်က ပြောင်းလဲထုတ်ပြန်လာကြောင်း သိရသည်။

“လက်ရှိအသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ဟာ ၂၀၀၈ ခြေ/ဥအရ တရားဝင်တဲ့ အဖွဲ့အစည်း ဖြစ်ကြောင်းနဲ့ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို တရားဝင်ကျင့်သုံးပိုင်ခွင့်ရှိကြောင်း လုပ်တဲ့ နောက်ထပ် လိမ်နည်းတစ်ခုကို ထုတ်သုံးလာတာပါ” ဟု ဥပဒေပညာရှင် စောဘဦးလေးက ဝေဖန် ပြောကြားသည်။

ယင်းပုဒ်မနှစ်ခုအနက် ပုဒ်မ ၄၁၉ သည် သမ္မတမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာလွှဲအပ်ခံရသော ကာကွယ်ရေးဦးစီးချုပ်က လက်မှတ်ရေးထိုးခြင်းဖြစ်ပြီး၊ ပုဒ်မ ၄၂၇ သည် ကာလုံ၏ အကြီးအကဲတစ်ဦးအနေဖြင့် လက်မှတ်ထိုးခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြခဲ့သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံ၏ “အကြီးအကဲ” ဆိုသည်မှာ နိုင်ငံတော်သမ္မတဖြစ်ပြီး ထိုအဆင့်ကို ဒုတိယသမ္မတ သို့မဟုတ် မည်သည့်ယာယီသမ္မတကိုမျှ ခွင့်မပြုထားကြောင်း ဥပဒေ ပညာရှင် စောဘဦးလေးက သုံးသပ်ထောက်ပြသည်။

ဓာတ်ပုံ – MOI