‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၃ရက်

‎ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူမြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေပြီး ရှေ့တန်း သို့ ပို့ဆောင်ခံရသည့် တပ်သားသစ်များ ထွက်ပြေးမှုများနေကြောင်း သိရသည်။

‎ပုသိမ်မြို့၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)သို့ ပြန်လည်တင်ပြရသည့် တပ်အပြောင်းအလဲ စာရင်းတွင် အသေအပျောက်စာရင်းတင်ပြနိုင်ခြင်းမရှိသလို လက်ရှိလူစာရင်းလည်း ပြနိုင်ခြင်းမရှိသည့် အတွက် တိုင်းမှူးက တပ်ရင်းမှူးများကို ကြိမ်း မောင်းမှုများရှိကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့ထံမှ သိရသည်။

‎”ရှေ့တန်းကထွက်ပြေးသူတွေရော၊ ပို့ကာနီးပြေးသူတွေရော လူစာရင်းကမပြနိုင်ဘူး။ အဆင့်ဆင့် ကြိမ်းမောင်း နေကြတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ရှေ့တန်း စစ်မျက်နှာပြင်သို့ပို့ဆောင်ခံရသူများမှာ တပ်အချိန်းအပြောင်းတွင် ထွက်ပြေးကြသည့်အတွက် မိသားစုဝင်များကို တိတ်တဆိတ် ပြန်လည်ဆက်သွယ်ခေါ်ဆောင်ခိုင်းနေပြီး အပြင်တွင်ပြန်ဖမ်းမိပါက မိသားစုဝင်များကို သတ်ပစ်မည်ဟု တပ်ရင်းမှူးက ခြိမ်းခြောက်ထားကြောင်း သိရသည်။

‎ဧရာဝတီတိုင်းအတွင်း စစ်ရေးပြင်းထန်လာ၍ စစ်ကော်မရှင်က နယ်မြေတချို့ကိုပါ လက်လွှတ်နေရပြီး နတခအတွင်း ကစထမှူး တစ်ဦး၊ တိုင်းမှူး နှစ်ဦး၊ ဒုတိုင်းမှူး တစ်ဦး၊ ဗျူဟာမှူး သုံးဦးနှင့် အခြားစစ်တိုင်းဌာနများမှ အင်အားများအပြင် တပ်မ (၁၁) ၊ တပ်မ (၆၆) ၊ တပ်မ (၇၇)၊ တပ်မ (၁၀၁) တို့ဖြင့် စုဝေးကာ နယ်မြေပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း သိရသည်။

‎ရှေ့တန်းမှပြန်လာသည့်သူများနှင့် တပ်သားသစ်ပို့ဆောင်သည့် တပ်အချိန်းအပြောင်းကို ခလရ ၂၇၁ တွင် ပြုလုပ်ပြီး ရှေ့တန်းမရောက်ခင်ကြားတွင် ထွက်ပြေးမှုများရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။