နိုင်မင်းလွင် / ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

အာဏာသိမ်းပြီးနောက်ပိုင်း ပြုလုပ်ရန်ပြင်ဆင်နေသော ရွေးကောက်ပွဲအား အောင်မြင်မှု မရှိစေရန် အတွက် မလိုလားသူများက အဖျက်အမှောင့်များအပြင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစား တို့ဖြင့်ပါ ထိုးနှက်လာနိုင်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ယမန်နေ့ ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်ခဲ့သော စစ်ကော်မရှင်အစည်းအဝေး၌ စစ်ခေါင်းဆောင်က “မလိုလားသူတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေဖို့ အဖျက်အမှောင့် လုပ်ရပ်တွေ၊ နောက်ပြီး မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှု စသည်တို့နဲ့လည်း တစ်ဖက်လှည့် ထိုးနှက်မှုတွေ လုပ်ဆောင်လာနိုင်တယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံ၏လုံခြုံရေးနှင့် ဒေသတွင်းလုံခြုံရေးကို ထိခိုက်နိုင်သည်ဟု ပုံဖော်လုပ်ဆောင်လာနိုင် သောကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ယခုထက်ပို၍ ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ် ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယင်းပြောဆိုချက်သည် တော်လှန်ရေးအင်အားစုများကို ရည်ညွှန်း၍ စွပ်စွဲခြင်းသာဖြစ်ပြီး လက်တွေ့တွင်မူ မူးယစ်ဆေးဝါး၊ ကျားဖြန့်အပါအဝင် အွန်လိုင်းလောင်းကစားများအား စစ်တပ်အသိုင်း အဝိုင်းကသာ လုပ်ဆောင်နေကြောင်း CDM အရာရှိများနှင့် ပြည်သူများက ထောက်ပြကြသည်။

“မူးယစ်ဆေးဝါးတို့၊ အွန်လိုင်းဂိမ်း ကျားဖြန့်ကိစ္စရပ်တို့ဟာ သူတို့ဘာသာသူတို့ လုပ်ပြီး တော်လှန်ရေး အင်အားစုတွေက လုပ်ပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်လာနိုင်တယ်။ သူတို့က ပုံဖော်မယ်ဆိုတာ သူတို့လုပ်မယ့်ဟာကို တော်လှန်ရေးအင်အားစု ခေါင်းစဉ်တပ်လာမယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုကျယ်ပြန့်လာပြီး နေရာအချိန်မရွေး ဝယ်ယူရရှိနိုင်လာသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါးများကို အများဆုံးဖမ်းဆီးရမိခဲ့သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရလည်း ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ရပ်တည်နေပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနဲ့ ဂိမ်းတွေက တစ်ဖက်လှည့် သူတို့ရွေးကောက်ပွဲကို တားဆီးနိုင်မယ်လို့ ပြောနေတာ အဓိပ္ပါယ်မရှိဘူး။ မူးယစ်ဆေးဝါးက သူတို့လက်ထဲမှာပဲ။ ဖမ်းဆီးပြီး နည်းနည်းမီးရှို့ပြတယ်။ ကျန်တာ နောက်ဘေးပေါက်ကနေ ပြန်ထွက်မှာပဲ” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဝေဖန် ပြောကြားသည်။

ရန်ကုန်မြို့တွင် ဂိမ်းဆိုင်များ ပေါများလာသလို အွန်လိုင်းလောင်းကစားများကိုလည်း ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် လိုင်းကားများပေါ်အထိ လူအများစု ဆော့ကစားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် စစ်တပ်နှင့် ပတ်သက်ပါဝင်နေသော ကျားဖြန့် (ခေါ်) အွန်လိုင်းလိမ်လည်မှု ဂိုဏ်းများသည် လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်မှ ထိုင်း-မြန်မာနယ်စပ်နှင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသို့ ကူးစက်ပျံ့နှံ့လာကာ နိုင်ငံအများစုမှ လူများကို အတင်းအဓမ္မ ခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကော်မရှင်