ဧရာဝတီတိုင်းမ်
(သဲကုန်း)၊ ဩဂုတ် ၁၃ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းသို့ စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့က ဖောကား ခုနစ်စီးအသုံးပြုကာ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့များကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ရုံးပင်တက်ရွာ အနောက်ကုန်းဘက်သို့ ရောက်လာစဉ် ပြည်ခရိုင် (ပကဖ) နှင့် သဲကုန်း၊ ပေါင်းတည်(ပကဖ) ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးပင်တက်ရွာမှ စစ်ကော်မရှင် စစ်ကြောင်းမှာ ယမန်နေ့ ဩဂုတ် ၁၂ ရက်န့တွင် စစ်ဘေးရှောင်ဒေသခံများကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ဓားသွေးကျောက်ရွာကို ဆက်လက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဓားသွေးကျောက် ရွာက အိမ် ၁၄အိမ် မီးရှို့ခံလိုက်ရတယ်။ သရက်ကိုင်းကျိုး ရွာကို အခုလေးတင် မီးရှို့နေပါတယ်။ ရုံးပင်တက်က တပ်သားတွေ ကား နှစ် စီးနဲ့ ဆန်အပြည့်၊ ဆိုင်ကယ်တွေ အကုန်တင်ပြီး သဲကုန်းမြို့ပေါ်ပြန်ပို့နေတယ်။ ပြည်သူတွေ ပြေးလွှားနေချိန် ပစ္စည်းတွေခိုးပြီး သယ်နေတယ်” ဟု ပြည်ခရိုင်(ပကဖ) စစ်ရေးတာဝန်ခံရဲဘော် ဇာနည်သွေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ စစ်ကော်မရှင်စစ်ကြောင်းသည် ယနေ့ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက သရက်ကိုင်းကျိုးရွာကို မီးရှို့နေပြီး ဒေသခံများ စစ်ဘေးရှောင်နေစဉ် ရုံးပင်တက်ရွာမှ ဒေသခံနေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းခိုးယူမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ခြေရှိပြီး စစ်ကော်မရှင်ဘက်မှ အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခြင်း၊ ကား၊ ဆိုင်ကယ်များကို ချောဆွဲခြင်းများ ပြုလုပ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့