ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို “ဒလန်” ဟု စွပ်စွဲသတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားလာနိုင်သောကြောင့် လုံခြုံရေးအရ ကာကွယ်ပေးမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဩဂုတ် ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော စစ်ကော်မရှင်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ထိုသို့ စွပ်စွဲသတ်ဖြတ်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုခဲ့ပြီး ထိုကဲ့သို့သော ပြစ်မှုများသည် သာမန်အမှုအခင်းများမဟုတ်သည့်အတွက် အမြန်ဆုံး တရားစီရင်ရန် လိုအပ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ပြုလုပ်ရန် စီစဉ်နေပြီး မလိုလားသူများနှင့် အဖွဲ့အစည်းများက အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာနိုင်သောကြောင့် ကိုယ်စားလှယ် လောင်းများ၏ လုံခြုံရေးကို အာမခံချက်ရှိစေရန် ဆောင်ရွက်ရမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ စုစုပေါင်း ၄၉ ပါတီရှိပြီး ၉ ပါတီမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကာ ကျန်ပါတီ ၄၀ မှာမူ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေအရ ရွေးကောက်ပွဲကို ဆန့်ကျင် လှုပ်ရှားသူများအား ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို ခေါ်ယူ၍ နိုင်ငံ၏ အရေးပေါ်အခြေအနေကို ရုတ်သိမ်းကာ စစ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီးနောက် စစ်ကော်မရှင်အဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့သည်။

ထို့အပြင် နိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အတွင်းရှိ ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး စစ်အုပ်ချုပ်ရေးစနစ် ကျင့်သုံးခဲ့သည်။ အဆိုပါ ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ဘဲ ကျန်မြို့နယ်များတွင်မူ ရွေးကောက် ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။