ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်တွင်းထုတ်ကုန်များကို တိုးထုတ်သုံးစွဲရန်ပြောကြားလေ့ရှိပြီး ယခုအခါတွင် ပြည်ပသွင်းကုန်များကို ထပ်မံကန့်သတ်လိုက်ပြီး ထိုင်းကုန်စည်ဖမ်ဆီးမှုများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တင်သွင်းခွင့်မပြုသည့် ကုန်အမျိုးအစားများ ထွက်ပေါ်လာကာ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပါဝင်ကြောင်း သိရသည်။

အဆိုပါတင်သွင်းခွင့်မပြုသည့်ကုန်ပစ္စည်းများတွင် ခြေညှပ်ဖိနပ်၊ အုန်းနို့၊ အမွှေးတိုင်၊ ဖျာ၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ၊ ချိုချဉ်၊ ပဲငံပြာရည်၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ သစ်သီးမျိုးစုံ၊ ကြက်အူချောင်း၊ တစ်ရှူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ငှက်သိုက်၊ အသင့်သောက်နို့၊ ဒိန်ချည်၊ လျှပ်စစ်စက်ဘီး၊ ပလပ်စတစ်ခြင်းနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို ယာယီတင်သွင်းခွင့် ပိတ်ထားခြင်းဖြစ်သည်။

စစ်အုပ်စုသည် ပြင်ပသွင်းကုန်အစားထိုးနိုင်ရန်အတွက်ဟုဆိုကာ ပြည်ပသွင်းကုန်များကို လိုင်စင်ချမပေးဘဲတင်းကြပ်ထားပြီး ကုန်သည်များက နယ်စပ်လမ်းကြောင်းမှတဆင့် တင်သွင်းလာချိန်တွင် တရားမဝင်ကုန်ပစ္စည်းအဖြစ် ဖမ်းဆီးမှုပြင်းထန်နေကြောင်း ကုန်သည်များထံကသိရသည်။

“ အရင်က မြဝတီကနေကုန်ကားတွေက ကွေ့ပတ်ပြီးတော့ဆင်းလာတယ်။ ဘားအံရောက်ရင် ကုန်ကားအကြီးတွေပေါ် ( ၁၂ ဘီး) ကားတွေအပေါ် ပစ္စည်းတွေပြောင်းတင်ကြတယ်။ အဲဒီကနေ စစ်ဆေးရေးဂိတ်တွေဖြတ်ရင် စာရွက်စာတမ်းအချို့ပြရင်ရတယ်။ အခုအဖမ်းဆီးများလို့ တောလမ်းကနေဖြတ်သွားရင် တောလမ်းမှာစောင့်ဖမ်းတယ်။ လွတ်သွားတဲ့ကားတွေဆိုရင် ကားနံပတ်မှတ်ပြီး လိုင်စင်ဝင်ရင်ဖမ်းတယ်။ အဲဒါမလို့ ကုန်သည်တွေကားမဆွဲဘဲရပ်ထားတယ်။ ကုန်အဝင်လည်းဘာမှမရှိဘူး” ဟု ကုန်ကားပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးကုန်တိုက်များတွင် စစ်တပ်အုပ်စုပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှထုတ်လုပ်သော ပစ္စည်းများကိုရောင်းချနေကြောင်း ရန်ကုန်မြို့ခံအမျိုးသမီးအချို့ကဆိုသည်။

“ City market တို့ Ocean တို့မှာ နိုင်ငံခြားထုတ်ကုန်တွေသိပ်မတွေ့ရတော့ဘူး။ ရှိတာတွေကလည်းဈေးတအားကြီးတယ်။ သွားတိုက်တံဆိုရင် Berman တံဆိပ်ထဲကရှားသွားပြီ။ ရှိပေမဲ့ ဒီဇိုင်းမစုံတော့ဘူး။ Quality ကောင်းတာမရတော့ဘူးပေါ့။ စစ်တပ်ကထုတ်တဲ့ dentomecသွားတိုက်တံ တွေဒီဇိုင်းအစုံရှိတယ်။ ဒါပေမဲ့ Quality ကောင်းပုံမရဘူး။ သွားတိုက်ဆေးဆိုရင် colgate က ဒီမှထုတ်လို့ရှိသေးတယ်။ သွားကိုက်တာ သွားကျင်တာပျောက်တဲ့ sensodyne ဆိုရင် ဝယ်ရအတော်ခက်နေပြီ။ ဝယ်လို့တောင်မရဘူး” ဟု အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်မြန်မာ – ထိုင်းနယ်စပ်လမ်းကြောင်းတစ်လျှောက်ရှိစစ်ဆေးရေးဂိတ်များတွင် ယခင်က ကုန်ပစ္စည်းသယ်ရာ၌ ဒဏ်ငွေပေးဆောင်ပြီး နားလည်မှုဖြင့်ဖြတ်သန်းခွင့်ရရှိသော်လည်း ယခုအခါတွင် တရားမဝင်ကုန်ပစ္စည်းတားဆီးရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ဖမ်းဆီးမှုကြောင့် ကုန်ပစ္စည်းပါကုန်ကားများ အခက်အခဲကြုံတွေ့နေကြောင်း သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လတွင် မြဝတီနယ်စပ်မှ ရန်ကုန်မြို့အတွင်းသို့ ညအချိန်ဖြတ်သန်းသွားသည့် ကုန်ပစ္စည်းများတင်ဆောင်လာသော ကုန်ကား ၁၄၄ စီးတွင် ၁၃၂ စီးဖမ်းဆီးရမိကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်