
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ စစ်ကော်မရှင်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းနှင့် ပြည်သူ့စစ်အတွက် ငွေမထည့်နိုင်သည့် နေအိမ်များကို စစ်တပ်ခေါ်၍ ဖမ်းဆီးနေကြောင်း ဒေသခံများထံက သိရသည်။
ဘုရားကုန်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်နွယ်နွယ်ဝင်းသည် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အုပ်စုဖွဲ့ကာ ပြည်သူ့စစ်မှုထမ်းနှင့် ပြည်သူ့စစ်အတွက်ဟုဆိုကာ အဓမ္မငွေတောင်းယူခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ဒေါ်နွယ်နွယ်ဝင်းက ပိုက်ဆံမထည့်နိုင်တဲ့ လူငယ်တွေဆိုရင် စစ်တပ်ကို ဖုန်းဆက်ပီး လာရောက်ဖမ်းဆီးခိုင်းတာတွေရှိတယ်။ အမြဲတမ်းလဲ ခြိမ်းခြောက်မှုတွေလုပ်တယ်။ အခုဆိုရွာက လူငယ်တွေ ထွက်ပြေးတိမ်ရှောင်နေရပါတယ်”ဟု ဘုရားကုန်းကျေးရွာရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ လူငယ်တစ်ဦးလျှင် ၁၈,၀၀၀၀ ကျပ်၊ အသက် ၃၅နှစ်မှ အသက် ၆၀ အတွင်းရှိသူများကိုလည်း တစ်ဦးလျှင် ၆,၅၀၀၀ကျပ်တောင်းယူသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း ၁၈နှစ်မှ ၃၅နှစ်အတွင်းကို ၁၅,၀၀၀၀ကျပ်နှင့် အသက်၃၅နှစ်မှ ၆၀နှစ်အတွင်းရှိသူများကို ၆,၀၀၀၀ကျပ် တောင်းယူခဲ့သည်ဟုဆိုသည်။
လက်ရှိအချိန်ထိ ပြည်သူ့စစ်မှုထမ်းနှင့် ပြည်သူ့စစ်အတွက် အကြောင်းပြ၍ ငွေတောင်းယူနေသည်မှာ ကိုးကြိမ်မြောက်အထိရှိလာကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရှိရသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင်လည်း စစ်မှုထမ်းငှားရမ်းခသည် သိန်းရာကျော်အထိ ပေါက်ဈေး ရှိနေပြီး အမှန်တကယ် ငှားရမ်းခံရသူများက ငွေကြေးအပြည့်အဝမရဘဲ အုပ်ချုပ်ရေးမှူးများက ဖြတ်ယူနေကြသည်။
စစ်ကော်မရှင်ကခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ယခင်ကထက် ပိုမိုငွေတောင်းယူလာကြပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများက ပြောသည်။