
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၂ ရက်
ဗန်းမော်မြို့သို့ ဆိုက်ကပ်လာသော စစ်သင်္ဘောအုပ်စုမှ ဒုရဲအုပ်တစ်ဦးနှင့် စစ်မှုထမ်းအဖြစ် အဓမ္မလူသစ်စုဆောင်းခံရသူ နှစ်ဦးတို့ ထွက်ပြေးလွတ်မြောက်လာပြီး ၎င်းတို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာပြီး ဗန်းမော်မြို့သို့ ရောက်ရှိကမ်းကပ်ချိန်တွင် ဒုရဲအုပ် သူရအောင် နှင့် စစ်မှုထမ်းအဖြစ် လူသစ်စုဆောင်းခံရသူ ဟန်ဝင်းအောင်၊ ပိုင်ထက်အောင် တို့သည် စစ်သင်္ဘောပေါ်မှ ခုန်ချထွက်ပြေးလွတ်မြောက် ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
စစ်ကော်မရှင်ထံမှ ထိုသို့ ထွက်ပြေးလာသူ သုံး ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ် ရေးတပ်မတော်က စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်သည်။
ထွက်ပြေးလွတ်မြောက်လာသူ သုံးဦး၏ ပြောကြားချက်အရ စစ်ကော်မရှင်တပ်၏ ဖိနှိပ်မှုများကြောင့် စစ်သင်္ဘောပေါ်တွင်ပါလာသည့် စစ်သားများနှင့် အဓမ္မလူသစ်စုဆောင်းခံရသူများကြားတွင် စိတ်ဓာတ် ကျဆင်းမှုများ ပေါ်ပေါက်လျက်ရှိကာ စစ်တပ်ထံမှ ထွက်ပြေးရန် ကြံစည်မှုများ ရှိခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။
ဗန်းမော်မြို့သို့ စစ်ကူနှင့် ရိက္ခာပေးပို့နိုင်ရန်အတွက် စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၇ စင်း ထက်မနည်းသည် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစ၍ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒုရဲအုပ်နှင့် စစ်မှုထမ်းနှစ်ဦးတို့သည် သင်္ဘောပေါ်မှ ခုန်ချထွက်ပြေး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။