
အယိုက်လင်း / ဧရာဝတီတိုင်းမ်
(ဟားခါး) သြဂုတ် ၁၂ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကော်မရှင်တပ်က ၎င်းတို့ တပ်စွဲထားသည့်နေရာများနှင့် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကို တင်းကျပ်ထားပြီး လူငယ်များကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လုံခြုံရေး တင်းကျပ်ထားသည့်အတွက် ဩဂုတ်လ ၁၀ ရက်နေ့က ဘုရားကျောင်းမှ ပြန်လာသည့် လူငယ် ၁၀ ဦးကို ပြည်တော်သာရပ်ကွက်၊ မြို့မဈေးအနီးတွင် စစ်ကော်မရှင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“တနင်္ဂနွေနေ့ ဘုရားရှိခိုးပြီး ဘုရားကျောင်းကနေ ဆင်းလာတဲ့ လူငယ် ၁၀ ယောက်ကို စစ်သားတွေက ဖမ်းသွားတာပါ။ အသက် ၁၈ ကနေ ၃၀ နှစ်ကြား လူငယ်တွေချည်းပါပဲ။ ဘာကြောင့် ဖမ်းတာလဲတော့ မသိရဘူး” ဟု ဟားခါးမြို့ခံ အမျိုး သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်များသည် ယနေ့အထိ ပြန်လွတ်လာခြင်းမရှိသေးသလို ဖမ်းဆီးခံရသည့် အကြောင်းရင်းကိုလည်း မသိရသေးကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မြို့တွင်း၌ စစ်ကော်မရှင်အဖွဲ့က ကင်းလှည့်ခြင်း၊ သွားလာနေသည့် ပြည်သူများကို ရပ်တန့်စစ်ဆေးခြင်း၊ မြို့ဝင်မြို့ထွက်ဂိတ်များတွင် လုံခြုံရေးအင်အား တိုးချဲ့၍ စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
“မြို့ထဲမှာလည်း အခုရက်ပိုင်း စစ်သားတွေ ကင်းပတ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေ ရပ်ပြီး သွားလာနေတဲ့ပြည်သူတွေကို စစ်ဆေးတယ်။ မြို့ထဲလည်း ကင်းတွေ တောက်လျှောက် ပတ်တယ်။ မြို့ဝင်ဂိတ်မှာဆို အစစ်အဆေး ကြမ်းတယ်လို့ပြောတယ်။ ဒီရက်ပိုင်းမှ ဒီလိုလုပ်လာတာပါ” ဟု ဟားခါးမြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ကလည်း HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ်များနှင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် လူငယ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီးနောက် ရှစ် ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အများစုမှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- ဟားခါးမြို့တွင်း တစ်နေရာကို တွေ့ရစဥ်။