
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် လက်ရှိဘုရင် မဟာဝဇိရာလင်္ကရဏ၏ မိခင်ဖြစ်သော မိဖုရားကြီးသီရိခေတ်၏ ၉၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
မိဖုရားကြီး၏ မွေးနေ့ကို ထိုင်းနိုင်ငံ၏ အမေများနေ့အဖြစ် သတ်မှတ်ထားပြီး တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့တွင် ပြည်သူများသည် မိဖုရားကြီး၏ အထိမ်းအမှတ် အရောင် ဖြစ်သော အပြာရောင်ဝတ်စုံများကို ဝတ်ဆင်ကြပြီး အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်များတွင် မိဖုရားကြီး၏ ပုံတူဓာတ်ပုံများကို ချိတ်ဆွဲဂုဏ်ပြုခဲ့ကြသည်။
ယခင်ထိုင်းဘုရင်မင်းမြတ်၏ မိဖုရားသိရိခေတ်သည် သူမ၏ အလှအပဖြင့် ထိုင်းရိုးရာပိုးထည်များကို ကမ္ဘာသိ ကျော်ကြားရန်နှင့် အရောင်းမြှင့်တင်ပေးနိုင်ခြင်းများကြောင့်လည်း ထိုင်းပြည်သူများ အကြားတွင်ထင်ရှားကျော်ကြားခြင်းဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြကြသည်။
မိဖုရားကြီးသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ထိုင်းဘုရင်ဟောင်းနှင့်အတူ ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်စဉ် ထိုင်းရိုးရာပိုးထည်များကို သူမ၏ ခေတ်မီဖက်ရှင်ဒီဇိုင်းများမှတစ်ဆင့် ကမ္ဘာ့အမြင် တွင် အသိအမှတ်ပြုလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ထိုသို့ မိဖုရားကြီး၏ ခေတ်မီပိုးထည်ဖက်ရှင်များကြောင့် ပိုးထည်ရက်လုပ်သူများ၏ ဘဝများ တိုးတက်လာခဲ့ပြီး ပိုးထည်ရက်လုပ်ခြင်းအနုပညာကိုလည်း မျိုးဆက်သစ်များ ဆက်လက်ထိန်းသိမ်း နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။ The Nation သတင်းစာကလည်း မိဖုရားကြီးသည် ဖက်ရှင်အိုင်ကွန်တစ်ဦး ဖြစ်ရုံသာမက ထိုင်းယဉ်ကျေးမှုကို ကမ္ဘာ့အမြင်တွင် အမြော်အမြင်ရှိရှိ ပြောင်းလဲပေးခဲ့သူဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ယနေ့ကျရောက်သည့် မိဖုရားကြီး၏ ၉၃ နှစ်ပြည့် မွေးနေ့အခမ်းအနားကို ဘန်ကောက်မြို့တွင် အဓိကကျင်းပခဲ့ပြီး ထိုင်းအစိုးရအဆင့်မြင့်အရာရှိများ၊ သံဃာတော်များနှင့်အတူ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် ထိုင်းရိုးရာဓလေ့ထုံးတမ်းများ ပြုလုပ်၍ ဂုဏ်ပြုခဲ့ကြသည်။
ထို့အပြင် မိဖုရားကြီးသည် ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ဒေသများရှိ မြန်မာနိုင်ငံသားများကို လူမှုရေးအကူအညီများ ပေးအပ်ခဲ့သည်များရှိကြောင်း သိရသည်။