
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မ ရှင်တပ်နှင့် Myingyan Black Tiger-MBT တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် စစ်ကော်မရှင်စစ်ကြောင်းကို စုဖွဲ့မှုပျက်စီးကာ တပ်လန့်ထွက်ပြေးရသည်အထိ တိုက်ထုတ်နိုင်ခဲ့ကြောင်း MBT တပ်ဖွဲ့ထံမှ သိရသည်။
စစ်ကော်မရှင်ဘက်မှ စစ်အင်အားပြန်လည်ဖြည့်တင်းကာ လေကြောင်းပစ်ကူနှင့်အတူ ထပ်မံထိုးစစ် ဆင်လာသည့်အတွက် MBT တပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ခုခံတိုက်ခိုက် ခဲ့သော်လည်း လက်နက်ခဲယမ်းပြတ်တောက်သွားသည့် အတွက် ဩဂုတ် ၁၀ ရက်နေ့တွင် တပ်စခန်းကို စွန့်လွှတ်ခဲ့ရကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၁၀ ရက်နေ့အထိ ၁၁ ရက်တိတိ ခုခံတိုက်ခိုက်မှုများပြုလုပ်ခဲ့သော်လည်း ခဲယမ်းပြတ်တောက်မှုကြောင့် နယ်မြေအချို့ကို လက်လွှတ် ပေးခဲ့ရသည်ဟုဆိုသည်။
၁၁ ရက်တာတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ တပ်ဖွဲ့ဝင် ၇၀ နှင့်အထက် သေဆုံးပြီး ၁၇၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိသွားကာ ခဲယမ်းအချို့အား MBT တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
MBT တပ်ဖွဲ့ အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီးတပ်စိပ်မှူး၊ ရဲဘော်ဝဏ္ဏ ဒုတပ်စိပ်မှူး၊ ရဲဘော်ကျွဲကြီး၊ ရဲဘော် Black Shar နှင့် MBT စစ်ကြောင်း-၅ မှ ရဲဘော်ကိုဖက် စုစုပေါင်း ရဲဘော် ငါး ဦး ကျဆုံးခဲ့ကြောင်း MBT က ထုတ်ပြန်ထားသည်။
MBT တပ်ဖွဲ့ကို လာရောက်ကူညီအားဖြည့်ပေးခဲ့သော တပ်ရင်း ၁၊ ၂၊ ၇၊ ၈၊ ဗိုလ်စားပြောက်ကျားတပ်၊ ဝံပုလွေတပ်ဖွဲ့၊ မြင်းခြံခရိုင်ပကဖ၊ တောင်သာမြို့နယ် ပကဖနှင့် အခြားမဟာမိတ်တပ်ဖွဲ့များလည်း ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် မြင်းခြံမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး MBT တပ်ဖွဲ့အနေနှင့် ခဲယမ်းစုဆောင်းကာ ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-MBT