နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်က ကျင်းပသွားမည့် ရွေးကောက်ပွဲသည် ပဋိပက္ခများအား အရှိန်မြင့်၊ ပိုမိုပြင်းထန်လာစေပြီး လူငယ်များ၏ အနာဂတ် ကံကြမ္မာကိုလည်း အဆုံးသတ်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့အပြင် နိုင်ငံရေးတွင် စစ်တပ်အား အာဏာပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံအတည်ပြုပေးခြင်းဖြစ်ပြီး စစ်အာဏာရှင်အုပ်စုအား ကာလအတိုင်းအဆမရှိ နိုင်ငံရေးဦးဆောင် ခွင့်ပေးရန်အတွက်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၁၂ ရက်တွင် ကျရောက်သော (၇၅) နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့ မိန့်ခွန်း၌ KNU ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။

“ဒီနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို အရှိန်မြင့်လာစေဖို့၊ ပိုမိုပြင်းထန်လာစေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်းဟာ လူငယ်တွေရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးသတ်ဆုံး ဖြတ်သွားတာ ဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲ မဖြစ်မြောက်ရန် ကရင်တမျိုးသားလုံး၏ တာဝန်အနေဖြင့် မှတ်ယူရမည် ဖြစ်သလို မဟာလူမျိုးကြီးဝါဒ စစ်အာဏာရှင်အုပ်စုကို အမြစ်ဖြတ်နိုင်ရန်အတွက် အားလုံးကျရာ ကဏ္ဍကနေ နည်းလမ်းအသွယ်သွယ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းသည်။

စစ်ကော်မရှင်က ယခုနှစ် ၂၀၂၅ နှစ်ကုန်၌ ကျင်းပသွားရန် စိုင်းပြင်းပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် မျက်လှည့်ပြရန်နှင့် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ရန်အတွက်ဖြစ်ပြီး စစ်အာဏာရှင်များ ဇာတ်သိမ်းတော့မည့် အခြေအနေကို မြင်နေရပြီဖြစ်ကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ထောက်ပြသုံးသပ်သည်။

စစ်ခေါင်းဆောင်သည် ကမ္ဘာ့နိုင်ငံများကြားတွင် အသိအမှတ်ပြုခံရရန်အတွက် လေးနှစ်ကျော်ကြာ နိုင်ငံ့အာဏာကို လုယူသိမ်းပိုက် အုပ်ချုပ်ပြီးနောက် ကာ/လုံကို အာဏာအပ်၍ စစ်ကော်မရှင်အား စစ်ကောင်စီနေရာ၌ အစားထိုးပြောင်းလဲ ဖွဲ့စည်းခဲ့သလို စစ်အစိုးရကိုလည်း ဖွဲ့စည်းခဲ့သည်။

သို့သော် အာဏာအားလုံးကိုမူ စစ်ခေါင်းဆောင် တစ်ဦးတည်းကပင် ချုပ်ကိုင်ထားသည့် အဖွဲ့လက်ထဲသို့ ပေးအပ်ထားခြင်းဖြစ်ပြီး ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲတွင် အနိုင်ရရန်အတွက်လည်း နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်နေကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ပုံစာ-KNUဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်း