
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာမကျစေရေးနှင့် အမ်း-ပဒါန်းလမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ရန်အတွက် စစ်ကော်မရှင်က အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့က ဆုံကုန်းအခြေစိုက် အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၅ မှ စစ်အင်အားအပြည့်ပါ စစ်ယာဉ်တန်း ငါး စီးသည် ပဒါန်းဘက်သို့ ထွက်ခွာခဲ့ကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။ ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် အင်အားအပြည့်ပါ စစ်ယာဉ်တန်း ၂ စီး ဇင်ပြွန်းဘက်သို့ ဆက်လက်ဦးတည်သွားကြောင်း သိရသည်။
“နတ်ရေကန်ဘက်ကနေ လက်နက်ကြီးကတော့ နေ့တိုင်းပစ်ခတ်မှုရှိတယ်။ ကာကင်းစခန်းတွေထဲက တချို့လည်း စစ်တပ်က လက်လွှတ်ရတာ ရှိတယ်။ စစ်ယာဉ်တန်းတွေနဲ့လည်း အင်အားဖြည့်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နတ်ရေကန်ဘက်တွင်လည်း နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး ပဇီကြီးဘက်မှ အင်အားဖြည့် ကာ လက်နက်ရိက္ခာဖြည့်တင်းမှုများရှိနေသည်။
ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့ကလည်း နတ်ရေကန်အနီး စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က သေဆုံးမှုများခဲ့ကြောင်း သိရသည်။
AA က နတ်ရေကန်အနီးရှိ MPT တာဝါတိုင်စခန်းကုန်းကို သိမ်းယူထားပြီး ကာကင်းစခန်းငယ် အချို့ကိုလည်း သိမ်းပိုက်ထားရာ အကြီးဆုံးခံစစ်စခန်းအဖြစ် ကမ္ဘာလုံးစခန်းကုန်းသာ ကျန်ရှိတော့သည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဟု ထုတ်ပြန်လာပြီးနောက် စစ်ရေးတင်းမာနေသည့် နယ်မြေများသို့ စစ်ကြောင်းထိုးခြင်းနှင့် စစ်အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)