နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

ရခိုင်ပြည်နယ်ရှိ လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များကို စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေး ကြေညာ၍ စစ်ရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း အာရက္ခလမ်းစဉ်၊ ရည်မှန်းချက် ပန်းတိုင်အတိုင်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရ ခိုင်သုခက ပြောသည်။

အာရက္ခတပ်တော် (AA)သည် ယနေ့ဩဂုတ် ၁၁ ရက်တွင် (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းမ် သတင်းဌာန၏ မေးမြန်းမှုအပေါ် ၎င်းက ထိုကဲ့သို့ ပြန်လည်ဖြေကြား၍ ရခိုင်ပြည်တစ်ခုလုံးကို ဒေသခံပြည်သူလူထုထံ သိမ်းပိုက်အပ်နှံသွားမည်ဖြစ်ကြောင်း ဆိုသည်။

“ULA/AA စတင်ထူထောင်စဉ်ကပင် အဓိကရည်မှန်းချက်က အာရက္ခပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီးတော့ အာရက္ခပြည်သူလူထု၏ လက်ထဲကို ပြန်ထည့်ပေးဖို့ ဖြစ်ပါတယ်။ ကနေ့အချိန်အခါမှာလည်း အာရက္ခပြည်၏ ၉၀ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီး ချမှတ်ထားတဲ့ ပန်းတိုင်ကို အာရက္ခလမ်းစဉ်နဲ့ ထိပ်ဆုံးရောက်အောင်ထိ ဆက်လက်ချီတက်သွားဖို့ ရှိပါတယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် လေးနှစ်ခွဲအကျော်အကြာတွင် ၎င်းတို့ရည်ရွယ်ထားသော ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်သွားနိုင်ရန်အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့နယ် ၆၃ မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာ၍ စစ်ရှိန်
မြှင့်နေသည်။

ထိုအထဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် AA က သိမ်းပိုက်ထားသည့် မြို့နယ် ၁၄ မြို့ ပါဝင်နေပြီး ယင်းတို့မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်၏ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာချက်သည် ၎င်းတို့လုပ်နေကျဖြစ်၍ ထွေထွေထူးထူး မဟုတ်သလို ယင်းမတိုင်ခင်ကလည်း ဗုံးကြဲသတ်ဖြတ်၊ မတရားပြုကျင့်မှုများ ဆက်တိုက်ပြုလုပ်နေရာ လိုအပ်လာပါက ကိုယ့်အိမ်ကို ဗုံးပြန်ကြဲမည့်သူများဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ဆိုသည်။

“ဝိုင်ပုလင်းထဲက ဝိုင်အဟောင်းကို ဝိုင်ပုလင်းသစ်မှာ ပြောင်းထည့်လိုက်သကဲ့သို့ ဝိုင်ရဲ့နဂိုမူလ အရသာကတော့ ပျောက်မှာမဟုတ်ဘူး။ အရင်အခါလည်း စစ်ကောင်စီ၊ အခုလည်း စစ်ကောင်စီဖြစ်တယ်။ သူတို့ မင်းသားခေါင်း ဆောင်းလိုက်လို့ ဘီလူးကနေ မင်းသားဖြစ်လာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်က စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့ပေါ်တို့သာ စိုးမိုးထားနိုင်ပြီး ‎ကျောက်ဖြူမြို့နယ်ရှိ လက်လွှတ်ထားရသည့် ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းပြန်ထိုးလာသလို ရဲတပ်ရင်း ၃၂ နှင့် ‎ဓညဝတီရေတပ်ဌာနချုပ်အနီးတဝိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေကြောင်း သိရသည်။